ဟိုမိန်း စက်တင်ဘာ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့တွင် ယခုတစ်ပတ်အတွင်း မိုးအဆက်မပြတ် သည်းထန်စွာရွာသွန်းခဲ့ပြီးနောက် နားမွန်းလုံ-မယ်အော ကျေးရွာချင်းဆက်လမ်းတွင် ကားလမ်းဘေး မြေသားကမ်းပါးယံပြိုကျခြင်းနှင့် ကားလမ်းမပေါ်သို့ မြေသားပြိုကျမှုတို့ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါမိုးရွာသွန်းမှုကြောင့် မယ်အောကျေးရွာအုပ်စု နားမွန်းလုံကျေးရွာနှင့် မယ်အော ကျေးရွာချင်းဆက်လမ်း မိုင်တိုင်အမှတ်(၄/၄) နှင့် (၄/၅)မိုင်အကြား ကားလမ်းမဘေး မြေသား ကမ်းပါးယံပြိုကျခြင်း၊ မိုင်တိုင်အမှတ်(၆/၀)မိုင် နေရာတွင် ကားလမ်းမပေါ်သို့ မြေသားနှင့် သစ်ပင်များ ပြိုကျမှုဖြစ်ပွားခဲ့သည့် နေရာများတွင် ဖြတ်သန်းသွားလာနေသည့်ယာဉ်များ အန္တရာယ် ကင်းရှင်းစွာ သွားလာနိုင်ရေးနှင့် ကားလမ်းမပေါ်သို့ ပြိုကျနေသည့် မြေသားနှင့်သစ်ပင်များ ရှင်းလင်းနိုင်ရေးအတွက် ဟိုမိန်းပြည်သူ့စစ် (ဌာနေ)အဖွဲ့ (စိုက်ဖေ့ကုမ္ပဏီ)မှ တာဝန်ခံ ဦးစိန်ထွန်း မှ သွားရောက် ကြည့်ရှုစစ်ဆေးခဲ့သည်။
“ယခုရက်ပိုင်း မိုးကအဆက်မပြတ်ရွာတယ် တောင်ပေါ်ဒေသလမ်းဖြစ်တာကြောင့် မြေပြိုမှုတွေက မကြာခဏဖြစ်တယ် သြဂုတ်လ ၂၃ ရက်နေ့ကလဲ ဟိုမိန်း-နားမွန်းလုံကားလမ်းမှာ မြေသား ကမ်းပါးယံတွေပြိုကျပြီး သစ်ပင်ကြီး တွေလဲကျတာကြောင့် လမ်းပိတ်ဆို့မှုတွေဖြစ်ခဲ့တယ် အခုပြိုကျသွားတဲ့နေရာက လူအင်အားနဲ့ ပြုပြင်ဖို့မရနိုင်တဲ့အတွက် စက်ယန္တရားတွေ အသုံးပြုပြီး ပြုပြင်ရမယ် ကျေးရွာချင်းဆက်လမ်း ဖြစ်နေတော့ လက်ရှိ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေတဲ့ ကာလမှာ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုမရှိစေဖို့ ကျွန်တော်တို့အဖွဲ့အနေနဲ့ စက်ယန္တရား တွေ ရောက်ရှိလာပြီဆို အမြန်ဆုံး ဆောင်ရွက်ပေးသွားမှာဖြစ်တယ်” ဟု ကုမ္ပဏီတာဝန်ခံ မှ ပြောကြားသည်။
ရဲနောင်(ဟိုမိန်း)