သပိတ်ကျင်း ဒီဇင်ဘာ ၁၅
မန္တတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ သပိတ်ကျင်းမြို့နယ်တွင် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများ အသိပေးရှင်းလင်းပွဲကို ယနေ့နံနက်( ၁ဝး၀၀) နာရီက သပိတ်ကျင်းမြို့ ဆိပ်ကမ်းရပ်ကွက် "ရွှေဝါဝင်း" ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ အသိပေးရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထိုက်အောင်က အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူးဇော်နိုင်က ၂၀၂၂ခုနှစ် အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်တွင်ပါဝင်သည့် အချက်များ၊ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းနှင့် သက်တမ်းတိုးခြင်းဆိုင်ရာ ကိစ္စရပ်များ၊ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းနှင့် ပတ်သက်၍ ပြစ်မှုပြစ်ဒဏ်များ၊ လိုက်နာဆောင်ရွက်ရမည့် အချက်များနှင့် အသင်းအဖွဲ့၏ တံဆိပ်၊ အမှတ်အသား၊ ဝတ်စုံဒီဇိုင်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ရာ တက်ရောက်လာသည့် အသင်းအဖွဲ့ တာဝန်ရှိသူများမှ ဥပဒေများနှင့် ပတ်သက်သည့် မရှင်းလင်းသည့် အချက်များအား ပြန်လည်မေးမြန်းမှုများအား တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။
ထို့နောက် တက်ရောက်လာသည့် ရပ်ကွက်/ကျေးရွာများရှိ အသင်းအဖွဲ့ဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ၊ အဖွဲ့ဝင်များက အသင်းအဖွဲ့၏ လုပ်ငန်းများ ဆောင်ရွက်မှု အခြေအနေများနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များအား တင်ပြဆွေးနွေးခဲ့ကြသည်။
အဆိုပါ အသိပေးရှင်းလင်းပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သပိတ်ကျင်းမြို့နယ်အတွင်းရှိ အသင်းအဖွဲ့ (၇၉)ဖွဲ့မှ တာဝန်ရှိသူများ၊ စုစုပေါင်း( ၂၀၀)ဦးခန့် တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်( ပြန်/ဆက်)