သုံးခွ ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် စာဖတ်ပရိတ်သတ်များ စာအုပ်စာပေများကို ချစ်မြတ်နိုးတတ်စေပြီး၊ စာပေမှအသိပညာဗဟုသုတများ ရရှိစေရန်နှင့် စာပေမှရရှိသော ဗဟုသုတများအား အချင်းချင်းအသိပညာများ မျှဝေတတ်စေရန် ရည်ရွယ်၍ ယမန်နေ့နံနက် (၁၀)နာရီအချိန်က စာရေးဆရာဒေါက်တာ မြင့်သန်း(ညောင်လေးပင်)ရေးသားသည့် "မင်္ဂလာပါခင်ဗျာနှင့် အတွေးရသစာစုများ" စာအုပ်အားစာဖတ်ဝိုင်းကျင်းပပြု လုပ်ခဲ့သည်။
အဆိုပါ စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက စာဖတ်ဝိုင်းကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အားပြောကြားပြီး (Book Club)ဥက္ကဋ္ဌ ဦးဇော်ဝိတ်က ဦးဆောင် ဆွေးနွေးသူအဖြစ် “ပညာနဲ့ လူ လူနဲ့ ပညာ” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ပညာဟာလူသားတွေရဲ့ အဖိုးအနဂ္ဃထိုက်တန်တဲ့ ကိုယ်ပိုင်ပစ္စည်းဖြစ်ပါကြောင်း၊ ပညာကိုပိုင်ဆိုင်ကြလို့သာ လူ့လောကကြီး အခုလိုဖွံ့ဖြိုးတိုးတက်နေတာ ဖြစ်ပါကြောင်း၊ ပညာဟာ အလိုလိုတတ်မြောက်လာမှာ မဟုတ်ဘဲ မိမိကိုယ်တိုင်က လိုချင်စိတ်နဲ့ လေ့လာဆည်းပူး၊ မှတ်သား၊ လက်တွေ့ဆောင်ရွက်မှသာ ရရှိနိုင်ပါကြောင်း စသည်ဖြင့် ပြောကြားသည်။
ဦးကြည်စိုးလွင်ကလည်း “ပညာကိုရှာပါ” ခေါင်းစဉ်ဖြင့်ဆွေး နွေးရာတွင် ပညာရေးကြောင့်သာ လူသားတွေဟာ မောဟ ဆိုတဲ့မသိခြင်း အမိုက်မှောင်ကနေ လွတ်ကင်းပါကြောင်း၊ ပညာသမ္မာ အာဘာနတ္တိ ဆိုတဲ့အတိုင်း ပညာနဲ့တူတဲ့ အလင်းရောင်မရှိပါကြောင်း၊စသည်အကြောင်းအရာ များကိုပြောကြားသည်။
ဆက်လက်၍ ဦးလင်းနိုင်ထွန်းက “တန်ဖိုးရှိတဲ့ လူ့ဘ၀” ခေါင်းစဉ်ဖြင့်ဆွေးနွေးရာတွင် ကျွန်တော်သိသလောက်ပြောရရင် ဘ၀ကိုရင်ဆိုင်ရာ ဖြတ်သန်းရာမှာ အဓိကကိုးကွယ်ရာကတော့ ပညာဖြစ်ပါကြောင်း၊ အသိပညာ၊ အတတ်ပညာ၊ ဘ၀ပညာဆိုသည်များသာ ကိုးကွယ်အားထားရာဖြစ်ပါကြောင်း စသည့် စာအုပ်ပါ အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။ ထို့အပြင် တက်ရောက်လာသူများမှလည်းစာအုပ်ပါ ခေါင်းစဉ်များထဲမှမိမိတို့ ဖတ်ရူ့ထားသည့် အကြောင်းအရာများကို ဝိုင်း၀န်းဆွေးနွေးခဲ့ကြပြီးနောက် မြို့နယ်ရုံးတွင် ပြသထားသော နံရံကပ်စာစောင်များကိုလည်း စိတ်ပါ၀င်စားစွာကြည့်ရူ့လေ့လာ ခဲ့ကြောင်းသိရသည်။
စည်သူလင်း ပြန်/ဆက်