ရှမ်းပြည်နယ်ဝန်ကြီးချုပ်၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံခရိုင် မီးသတ်တပ်ဖွဲ့စခန်းနှင့် အကျဉ်းထောင်ကြည့်ရှုစစ်ဆေး

ကျိုင်းတုံ ဒီဇင်ဘာ ၁

ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးစိုင်းလိတ်၊ ပြည်နယ်ဥပဒေချုပ် ဦးစိုင်းကျော်ဇံနှင့် တာဝန်ရှိသူများသည် ဒီဇင်ဘာ(၁၄)ရက် ညနေ(၃)နာရီက ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မီးသတ်တပ်ဖွဲ့စခန်းသို့ ကွင်းဆင်းကြည့်ရှုစစ်ဆေးကြောင်း သိရသည်။

ကျိုင်းတုံခရိုင်ရှိ မီးသတ်တပ်ဖွဲ့ဝင်များမှ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းအား အလေးပြုကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက မီးသတ်စခန်းရှိ ယာဉ်စက်များအား ကြည့်ရှုစစ်ဆေးကြသည်။

ဆက်လက်၍ ကျိုင်းတုံခရိုင် မီးသတ်တပ်ဖွဲ့စခန်း ကျိုင်းတုံခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူမှ ကျိုင်းတုံခရိုင်မီးသတ်တပ်ဖွဲ့၏ လုပ်ငန်းဆောင်ရွက်မှုများအား ပရိုဂျက်တာဖြင့် ရှင်းလင်းသည်။

ထို့နောက် ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ရှင်းလင်းတင်ပြသည်များအပေါ် လိုအပ်သည်များ ဖြည့်စွက်ပြောကြားခြင်းနှင့် မကြာမီကာလတွင် ပွင့်လင်းရာသီရောက်ရှိလာမည်ဖြစ်၍ မီးဘေးအန္တရာယ်လုံခြုံရေးကိုဂရစိုက်ရန်နှင့် လိုအပ်သည်များရှိပါက ကျိုင်းတုံခရိုင် ပြည်နယ်အစိုးရအဖွဲ့ခွဲများနှင့် ဆက်သွယ်ဆောင်ရွက်ရန် ပြောကြားခဲ့သည်။

၎င်းနောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင် မီးသတ်တပ်ဖွဲ့စခန်းအတွက် ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းကပေးအပ်ရာ ကျိုင်းတုံခရိုင် မီးသတ်ဦးစီမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်သူမှလက်ခံရယူ၍ ခန်းမအတွင်းခင်းကျင်းပြသထားသော မီးသတ်ပစ္စည်းများနှင့် ရှာဖွေကယ်ဆယ်ရေးဆိုင်ရာပစ္စည်းများ ကြည့်ရှုကြကြောင်း သိရသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်သယံဇတရေးရာဝန်ကြီး၊ ပြည်နယ်ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ရှမ်းပြည်နယ်(အရှေ့ပိုင်း)ကျိုင်းတုံအကျဉ်းထောင်သို့သွားရောက်ကာ အမျိုးသားဆောင်၊ အမျိုးသမီးဆောင်၊ အကျဉ်းထောင်အတွင်း "အ"သုံးလုံးစာသင်ပို့ချနေမှု၊ စာကြည့်တိုက်များ၊ ကျန်းမာရေးစောင့်ရှောက်မှုပေးသည့် ဆေးရုံများအားလှည့်လည်ကြည့်ရှု စစ်ဆေးအားပေးစကားပြောကြား၍ ကလေးငယ်များကိုစားစရာများ ထောက်ပံ့ပေးအပ်ပြီး ကျိုင်းတုံမြို့ အကျဉ်းဦးစီးရှိ အစည်းအဝေးခန်းမတွင် ကျိုင်းတုံအကျဉ်းထောင်နှင့်ပတ်သက်၍ လက်ထောက်ညွှန်ကြားရေးမှူး ဦးနိုင်ဝင်းမှ ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်ပြောကြား၍ ကျိုင်းတုံအကျဉ်းထောင်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့ငွေကျပ်(၁၀)သိန်းကို ပြည်နယ်ဝန်ကြီးချုပ်ကပေးအပ်ရာ ကျိုင်းတုံအကျဉ်းထောင် လက်ထောက်ညွှန်ကြားရေးမှူး ဦးဝင်းနိုင်မှ လက်ခံရယူကြောင်း သိရသည်။

မောင်မောင်သန်း(တောင်ကြီး)