တွံတေး ဒီဇင်ဘာ ၁၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်အတွင်းရှိ ရေတွင်းကုန်း - ကွင်းပေါက် - ရွှေမုယင်း ဒေသများသည် ယခင်က ကုန်ထုတ်လမ်းအဖြစ် ရေလမ်းကိုသာ အဓိကထား အသုံးပြုနေရပြီး သွားလာရခက်ခဲသော ဒေသတစ်ခုဖြစ်သည့်အတွက် ယခုအခါ ရွှေမုယင်းဒေသ သို့ဆက်သွယ်၍ ကုန်ထုတ်လမ်း ဖောက်လုပ်မည့် မမျိုးစု-ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက် လမ်းကိုရာသီမရွေး သွားလာနိုင်ရန်အတွက် ၂၀၁၉- ၂၀၂၀ ခုနှစ်တွင် မြေသားလမ်းဖောက်လုပ်ရာမှ ကွန်ကရစ်လမ်း အဆင့်မြင့်တင်ခြင်းဖြစ်ကြောင်းသိရသည်။
ယင်းဒေသရှိဒေသခံပြည်သူများ ရာသီမရွေး သွားလာနိုင်ပြီး ဒေသအဓိကထွတ်ကုန်များ ဖြစ်သည့် စပါး၊ ငါး နှင့် သီးနှံများ ရန်ကုန်မြို့နှင့် အခြားမြို့ကြီးများသို့ လွယ်လင့်တကူ အချိန်နှင့်တစ်ပြေးညီ သယ်ယူပို့ဆောင်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မမျိုးစု-ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်လမ်းကို ကွန်ကရစ်လမ်း စတင်ခင်းနေပြီဖြစ်ကာ အဆိုပါလမ်းပြီးစီးသွားပါက ရေတွင်းကုန်းကျေးရွာအုပ်စုအနီးရှိ ကျေးရွာများကပါ အသုံးပြုလာမည့် ကုန်ထုတ်လမ်း တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းသိရသည်။
ရေတွင်းကုန်းကျေးရွာအုပ်စုတွင် အိမ်ခြေ( ၅၅၂)အိမ်ခြေရှိပြီး လူဦးရေ( ၂၇၆၀)ဦး နေထိုင်ကြပြီး အဆိုပါ လမ်းဘေး ဝဲ၊ ယာနှင့် အနီးပတ်ဝန်းကျင်တွင် စပါးစိုက်ဧက(၁၀၀၀)ခန့်ရှိပြီး တောင်သူ (၂၀၀)ဦးခန့်ရှိကာ မိုးစပါး၊ နွေစပါးများကို အဓိကထားစိုက်ပျိုးသော ဒေသတစ်ခုဖြစ်ကြောင်း သိရသည်။
ရေတွင်းကုန်းကျေးရွာအုပ်စုသည် ရေလမ်းဖြစ်သာတွံတေး၊ ရန်ကုန်မြို့များသို့ စက်လှေဖြင့် ချောင်း၊ တူးမြောင်းများကနေ သွားလာနေရသော ဒေသဖြစ်ကြောင်း ဒေသခံတစ်ဦးထံမှ သိရသည်။
မမျိုးစု-ကင်းရွာ-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက် မှရွှေမုယင်းဒေသထိ ဖောက်လုပ်သော ကုန်ထုတ်လမ်းအရှည်မှာ အရှည်(၃) မိုင်(၇)ဖာလုံ အကျယ်(၁၄)ပေ၊ ထု(၁၂)လက်မဖြစ်ပြီး ယင်းလမ်းပြီးစီးသွားပါက ဒေသနေကျေးလက်ပြည်သူများ၏ လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍစုံဖွံဖြိုးတိုးတက်လာတော့မည်ဖြစ်ကြောင်း ဒေသခံတောင်သူတစ်ဦး၏ ဝမ်းသာပီတိစကားကိုလည်းကြားသိခဲ့ရသည်။
တွံတေးသား