မုဒုံမြို့နယ် ကြက်ခြေနီကြီးကြပ်မှုကော်မတီမှ စေတနာသွေးသန့်အလှူရှင် စုဆောင်းရေး အသိပညာပေး ဆွေးနွေးပွဲကျင်းပ

မုဒုံ ဒီဇင်ဘာ ၁၅

မွန်ပြည်နယ် မော်လမြိုင်ခရိုင် မုဒုံမြို့နယ် ကြက်ခြေနီအသင်းခွဲမှ စေတနာသွေးသန့်လှူရှင်များစွာ ပေါ်ပေါက်လာစေရန်အတွက် အသိပညာပေးဆွေးနွေးပွဲကို ယနေ့ နံနက် ၉ နာရီက မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း မြို့နယ်ကြက်ခြေနီအသင်းခွဲ ဥက္ကဋ္ဌ  ဦးအောင်ဗိုလ်ကျော်က  မြို့နယ်အတွင်း  လူမှုကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် လိုအပ်သော သွေးအမျိုးအစားများကို လျှင်မြန်စွာရရှိနိုင်ရေးအတွက် အသိပေး ဆောင်ရွက်ရခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။  ထို့နောက် တပ်ဖွဲ့မှူးက ကြက်ခြေနီအသင်း၏ လုပ်ငန်းဆောင်ရွက်ချက်များ၊ ကူညီကယ်ဆယ်ရေး လုပ်ငန်းများ၊ ထောက်ပံ့ရေးလုပ်ငန်းများနှင့် သွေးလှူဒါန်ခြင်းဖြင့် ပြည်သူတို့၏ အသက်များကိုကယ်တင်နိုင်ခြင်း၊ သွေးလှူဒါန်ရခြင်း၏ အကျိုးကျေးဇူးများ၊ စေတနာသွေးသန့်အလှူရှင် စုဆောင်းရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မုဒုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများမှ တာဝန်ရှိသူများနှင့် ပရဟိတအသင်းအဖွဲ့အစည်းများ တက်ရောက်ကြပြီး စေတနာသွေးသန့်အလှူရှင်များ များစွာပေါ်ပေါက်နိုင်ရေးအတွက် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ မြို့နယ်အတွင်း သွေးသန့်လှူဒါန်လိုပါက နေရပ်၊ ဖုန်းနှင့် သွေးအမျိုးအစား များကိုစုဆောင်း၍  ကြက်ခြေနီအသင်းခွဲရုံးသို့  ဆက်သွယ်နိုင်ပါကြောင်းနှင့်  အရေးပေါ် သွေးလိုအပ်ပါက အကူညီတောင်းခံနိုင်ကြောင်း သိရသည်။

သားငယ် (ပြန်/ ဆက်)