မဟာအောင်မြေ ဒီဇင်ဘာ-၁၅
မဟာအောင်မြေမြို့နယ် ဌာနဆိုင်ရာများ ပါဝင်သည့် စစ်ကြောင်းကြီး(၅)ကြောင်းအဖွဲ့သည် မဟာအောင်မြေမြို့နယ်၊ ချမ်းမြသာစည်မြောက်ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံ၌ အင်အား (၇၀)ဦးခန့်ဖြင့် လည်းကောင်း၊ ရွှေဘုန်းရှိန်ရပ်ကွက်၊ အောင်ချမ်းသာဓမ္မာရုံ၌ အင်အား (၅၀)ဦးခန့်ဖြင့် လည်းကောင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်း သာယာရေးနှင့် ဒေသဖွံဖြိုးရေးအတွက် ယနေ့နံနက်ပိုင်းက ရပ်ကွက်နေပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်မြင့်ဦး၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးဆွေလွင်အောင်၊ အဖွဲ့ဝင်(၂) ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင်(၃) ဦးမောင်မောင်ကြိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူးကျော်မြဝင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဦးရဲမင်းလွင်၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာချောချောနိုင်၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးရုံးမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးဇော်ဝင်း၊ မြို့နယ်လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းမှ SAE ဦးနိုင်ထက်ဝင်း၊ မြို့နယ်ပညာရေးမှူးရုံးမှ လက်ထောက်ကြီးကြပ်ရေးမှူး ဦးအောင်မျိုးသန့်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးဘိုဘိုဟန်၊ မြို့နယ်မီးသတ်ဦးစီးဌာန ဒု-ဦးစီးမှူး ဦးနေလင်းအောင် ၊ ရပ်မိ/ရပ်ဖ၊ ရာအိမ်မှူးများ တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌမှ ရပ်ကွက်အတွင်း လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကိစ္စရပ်များ ဆွေးနွေးခြင်း၊ လာမည့်ရွေးကောက်ပွဲတွင်ကျင့်သုံးမည့် PR စနစ်အား အကျဉ်းချုပ် ရှင်းလင်းပြောကြားခြင်း၊ မီးဘေးအန္တရာယ်ဂရုပြုရန် ပြောကြားခြင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူးမှ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းဆိုင်ရာ ဥပဒေအား ရှင်းလင်းပြောကြားခဲ့ပြီး အကြမ်းဖက်အဖွဲ့အစည်းများနှင့် ပတ်သက်ဆက်နွှယ်မှုမရှိစေရေးနှင့် အကြမ်းဖက်လုပ်ရပ်များနှင့် ပတ်သက်၍ သတင်းရရှိပါက သတင်းပေပို့ရေး ဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဦးစီးအရာရှိမှ ရွေးကောက်ပွဲနှင့်ပတ်သက်သည် PR စနစ်ဖြင့် ဆောင်ရွက်မည့် ရွေးကောက်ပွဲ ဆိုင်ရာကိစ္စရပ်များအား အသေးစိတ် ချပြရှင်းလင်းခြင်း၊ အဖွဲ့ဝင်(၃)မှ နိုင်ငံသားများ မှတ်ပုံတင်ပြုလုပ်ရေး၊ ပုံစံ(၆၆/၆)များ ပြုလုပ်ရေးဆွေးနွေးပြောကြားခြင်း၊ မြို့နယ်ကျန်းမာ ရေးဦးစီးဌာနမှူးမှ ပြည်သူများ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံနိုင်ရေးနှင့် ကျန်းမာရေးဆိုင်ရာ ကိစ္စရပ်များအား ချပြရှင်းလင်းခြင်း၊ မြို့နယ်စည်ပင်သာယာအုပ်ချုပ်ရေးမှူးမှ လမ်းမီးကြိုးများ ခိုးယူမှုမရှိစေရေး ရပ်ကွက်ပြည်သူများမှ ဝိုင်းဝန်းစောင့်ရှောက်ပေးရေး၊ အမှိုက်ကားများ ပုံမှန်မလာရောက်ပါက တင်ပြပေးရန် ပြောကြားခဲ့ရာ တက်ရောက်လာသည့် ပြည်သူများမှ လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ တင်ပြမှုအပေါ် သက်ဆိုင်ရာ ဌာနဆိုင်ရာ တာဝန်ရှိသူများမှ ရှင်းလင်းဖြေကြားခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း(ပြန်/ဆက်)