သံတွဲ ဒီဇင်ဘာ ၁၅
ရခိုင်ပြည်နယ်၊ သံတွဲမြို့၌ (၄၈)နှစ်မြောက်ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် သဝဏ်လွှာဖတ်ပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီက ဒွါရာဝတီမြို့နယ်ခန်းမ၌ ကျင်းပပြုလုပ်သည်။
ရှေးဦးစွာ အခမ်းအနားကိုရခိုင်မင်္ဂလာစည်တော်တီး၍ဖွင့်လှစ်ပေးပြီး ရခိုင်ရိုးရာယိမ်းအကဖြင့် ဂုဏ်ပြုကပြဖျော်ဖြေခဲ့သည်။
ဆက်လက်၍ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်က ဖတ်ကြားသည်။
၎င်းနောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အားဂုဏ်ပြုသောအားဖြင့် သံတွဲဒေသဖွါး စာရေးဆရာမောင်လွန်းကြင်(ကွယ်လွန်)နှင့် ကဗျာဆရာ မြင့်စိုးကြည်(သံတွဲ)တို့ရေးသားသည့် “ကမ်းမြောင်ဒေသ၏ စုစည်းခြင်းလက္ခဏာ” သီချင်းအား သံတွဲမြို့ရခိုင်ရိုးရာတေးနုယဉ်အဖွဲ့မှ ဂုဏ်ပြုသီဆိုခဲ့ကြသည်။
ထို့နောက် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် အခြေခံပညာအထက်တန်း၊ အလယ်တန်းအဆင့် စာစီစာကုံးနှင့်ပန်းချီပြိုင်ပွဲများတွင် ဆုရရှိကြသည့် ကျောင်းသား၊ကျောင်းသူများနှင့် ဖျော်ဖြေတင်ဆက်သည့် ရခိုင်မင်္ဂလာစည်တော်အဖွဲ့၊ ရခိုင်ရိုးရာယိမ်းအဖွဲ့ တေးနုယဉ်အဖွဲ့တို့အား အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့်တာဝန်ရှိသူများက ဆုများအသီးသီးချီးမြှင့်ပေးကြပြီးနောက် ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံရိုက်ကူး ရိုက်ကူးခဲ့ကြသည်။
အဆိုပါအခမ်းအနားသို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးချစ်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမောင်သာစိန်နှင့်အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဆုရကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများတက် ရောက်ခဲ့ကြကြောင်း သိရသည်။
အခမ်းအနားအပြီးတွင် အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ တိုင်းဦးစီးချုပ် ဗိုလ်မှူးချုပ်ကျော်ကျော်သန်း နှင့်တာဝန်ရှိသူများသည် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်သည့် ကျောင်းပေါင်းစုံပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲအား ကြည့်ရှုအားပေးခဲ့သည်။ ထို့နောက် ပိုက်ကျော်ခြင်းပြိုင်ပွဲ ပထမ၊ ဒုတိယရရှိသည့်အသင်းများနှင့် အပြေးပြိုင်ပွဲ မီတာ ၄၀၀၊ ၈၀၀ ပြိုင်ပွဲများတွင်ဆုရရှိခဲ့သည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများအသီးသီးချီးမြှင့် ပေးခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)