နတ်မောက်မြို့နယ် ယာပြင်ကျေးရွာတွင် တရားဥပဒေစိုးမိုးရေးနှင့်ဒေသဖွံ့ဖြိုးရေး ဆွေးနွေးပွဲပြုလုပ်

နတ်မောက် ဒီဇင်ဘာ ၁၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်ကြီးကြပ်မှုဖြင့် တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆွေးနွေးပွဲပြုလုပ်ခြင်းကို ယမန်နေ့နံနက်(၁၀)နာရီခွဲအချိန်က ယာပြင်ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါဆွေးနွေးပွဲတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဖြိုးဝေနိုင်က နယ်မြေဒေသဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်မှုအခြေအနေများနှင့် အသက်(၁၈)ပြည့်ပြီးသူတိုင်း  နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းလက်ဝယ်ကိုင်ဆောင်နိုင်ရေး ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာအကြီးအကဲများကလည်း မိမိတို့ကဏ္ဍအလိုက် ဟောပြောဆွေးနွေးခဲ့ရာ မြို့နယ်စိုက်ပျိုးရေးဌာနမှ ဦးစီးအရာရှိက မိမိတို့ဌာနအနေ၏ စိုက်ပျိုးရေးတောင်သူများအား နွေစပါးစိုက်ပျိုးရာသီရောက်ရှိလာပြီဖြစ်တဲ့အတွက် အထွက်နှုန်းကောင်း မျိုးကောင်းမျိုးသန့်များရရှိနိုင်ရေးနှင့် ဖြန့်ဝေပေးမှုခြေအနေများ၊ စိုက်ပျိုးရေးတောင်သူများအား သဘာ၀မြေဩဇာထောက်ပံ့ပေးမှုအခြေအနေနှင့် တောင်သူများအနေဖြင့် မြေဆီဩဇာစျေးမြင့်တက်နေချိန်တွင် သဘာ၀မြေဆွေးဖြင့် မြေဆီပြုလုပ်နိုင်မှုအခြေအနေတို့ကို ဆွေးနွေးပြောကြားခဲ့ပြီး မြို့နယ်မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဒု-တာဝန်ခံက နိုင်ငံတော်အစိုးရမှ ပြည်သူများအား ကိုဗစ်ကာလတွင် စီးပွားရေးအခက်အခဲမှကျော်လွှားနိုင်စေရန် အတိုးနှုန်းသက်သာစွာဖြင့် ထုတ်ချေးပေးထားသည့် ကိုဗစ်ချေးငွေအပြေအကြေပြန်လည်ပေးဆပ်နိုင်ရေးနှင့် အဆိုပါကိုဗစ်ချေးငွေအပြေအကြေပေးဆပ်သည့် ကျေးရွာအုပ်စုများအား ဆောင်းသီးနှံစိုက်ပျိုးစရိတ်များ ထုတ်ချေးပေးသွားမည်ဖြစ်ကြောင်း ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာရှိ ရပ်မိရပ်ဖများနှင့် ပြည်သူများကလည်း ကျန်းမာရေး၊ ပညာရေး၊  လမ်းပန်းဆက်သွယ်ရေး၊  စိုက်ပျိုးရေးစသည့်လုပ်ငန်းများနှင့်ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်ရာအကြီးအကဲများကလည်း လိုအပ်ချက်များနှင့်ပတ်သက်၍ ဆောင်ရွက်ထားရှိမှုများနှင့် ဆောင်ရွက်ပေးသွားမည့်အကြောင်းအရာများကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒု-မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကျန်းမာရေး၊ မြို့နယ်လျှပ်စစ်တာဝန်ခံ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ဒု-တာဝန်ခံ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

လှဝင်း