မင်းပြားမြို့၌ (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အထိမ်းအမှတ် အခမ်းအနားနှင့် ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်သူများအား ဂုဏ်ပြုချီးမြှင့်

မင်းပြား ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မင်းပြားမြို့နယ်၌ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလ(၁၅)ရက်နေ့တွင် ကျရောက်သည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီအချိန်က မင်းပြားမြို့၊ နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန ရုံးခန်းမ၌ ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးစိုးမိုးက ပြည်ထောင်စု သမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့သော (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား ဖတ်ကြားခဲ့သည်။

ဆက်လက်ပြီး (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ စစ်တုရင်၊ ပိုက်ကျော်ခြင်းပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် မင်းပြားမြို့နယ်အတွင်း ဒေသ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ပြည်သူ့အကျိုးပြုလုပ်ငန်းများတွင် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသည့် ပုဂ္ဂိုလ်များအား ဂုဏ်ပြုမှတ်တမ်းလွှာကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက အသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ကျင်းပပြုလုပ်ခဲ့ရာ မင်းပြားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ လူမှုအဖွဲ့အစည်းများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြကြောင်း သိရသည်။

သိန်းနုအောင်