ဗန်းမော် ဒီဇင်ဘာ ၁၅
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့နယ်တွင် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။
အစည်းအဝေးတွင် ဗန်းမော်ခရိုင်လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့၊ ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးခင်မောင်လွင်က နိုင်ငံတော်အနေဖြင့် လူကုန်ကူးမှုပြဿနာကို အမျိုးသားရေးတာဝန် တစ်ရပ် အနေဖြင့် ဆောင်ရွက်နေပါကြောင်း၊ တက်ရောက်လာကြသည့် အဖွဲ့ဝင်များအနေဖြင့်လည်း ထဲထဲဝင်ဝင် ထိထိရောက်ရောက် ဆောင်ရွက်ကြဖို့လိုပါကြောင်း၊ လူကုန်ကူးခြင်းတွင် အဓိကအားဖြင့် ကလေးသူငယ်များနှင့် အမျိုးသမီးငယ်များတွင် ဖြစ်ပွားမှုအများဆုံး တွေ့ရှိရပါကြောင်း၊ လူကုန်ကူးခြင်းတွင် လူမှောင်ခိုနှင့် လူကုန်ကူးခြင်းဟူ၍ (၂)မျိုးဖြစ်ပွားလျက်ရှိပါကြောင်း စသည်ဖြင့် အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ခရိုင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့ အတွင်းရေးမှူး တပ်ဖွဲ့စိတ်(၁)(ဗန်းမော်)ဒုတိယရဲမှူးကျော်မိုးနိုင်က လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဆိုင်ရာ ဥပဒေများ၊ ပြစ်မှု၊ ပြစ်ဒဏ်များနှင့် လုပ်ငန်းဆောင်ရွက်ချက်များအား Power Point ဖြင့် ရှင်းလင်း တင်ပြခဲ့သည်။
ထို့နောက် ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာကြသည့် ခရိုင်လူကုန်ကူးမှု တားဆီးကာကွယ်ရေးအဖွဲ့ဝင်များက လူကုန်ကူးမှု တားဆီးကာကွယ်ရေးနှင့် ပတ်သက်၍ မိမိဌာနက ဆောင်ရွက်နေသည့် လုပ်ငန်းများကို အသီးသီး ဆွေးနွေးတင်ပြခဲ့ကြောင်း သိရှိရသည်။
ခရိုင်ပြန်/ဆက်