မိုင်းယု ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယုမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနှင့် Women Club အသင်းတို့ပူးပေါင်းပြီး စာရေးဆရာချစ်စံဝင်း၏ ကြီးပွားချမ်းသာလိုစိတ်မွေးပါ စာအုပ်ဖြင့် ယမန်နေ့ညနေပိုင်းက လူထုအခြေပြုဗဟိုဌာန စာဖတ်ဝိုင်းပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒုတိယဦးစီးမှူး ဦးအားချာက စာဖတ်ရှိန်မြှင့်တင်ရေးအတွက် ဝါသနာတူ Club အသင်းများနှင့်ပူးပေါင်းပြီး စာဖတ်ဝိုင်းများကျင်းပလျက်ရှိကြောင်း၊ စာဖတ်ခြင်းသည် အရင်းအနှီးနည်းပြီး ဗဟုသုတကြွယ်ဝနိုင်သဖြင့်လူငယ်များအနေဖြင့် စာဖတ်သင့်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် စာရေးဆရာချစ်စံဝင်း၏ “ကြီးပွားချမ်းသာလိုစိတ်မွေးပါ” စာအုပ်မှ “စိတ်ကောင်းစေတနာကောင်းနှင့် ရိုးသားမှုရှိပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဆက်ဆံရေးအရည်အသွေးကောင်းကိုပြုစုပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ “ဗဟုသုတအသိပညာ ပြည့်ဝအောင်ကြိုးစားပါ” ခေါင်းစဉ်ဖြင့်လည်းကောင်း Club အသင်းဝင်တစ်ဦးချင်းအလိုက်ဖတ်ကြားပြီး အပြန်အလှန်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် တက်ရောက်လာကြသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် နံရံကပ်စာစောင်များအား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။
အားချာ