အ.ထ.က ကျိုက်မရော၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

ကျိုက်မရော ဒီဇင်ဘာ ၁၅

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးစေရန် ရည်ရွယ်၍ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ဒီဇင်ဘာ ၁၄ ရက် မွန်းလွဲ ၁နာရီက. အ.ထ.က(ကျိုက်မရော) ပညာ့အားမာန်ခန်းမ၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မော်လမြိုင်ခရိုငိ ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ ဒုရဲအုပ် ပြည့်ဖြိုးအောင်က ကျောင်းသား၊ ကျောင်းသူများယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းစေရန်နှင့် ခြေလျင်လျှောက်သူများအတွက် သတ်မှတ်ထားသည့် စည်းကမ်းများအတိုင်း လိုက်နာကြရန်အတွက် ပညာပေးဟောပြောခြင်း၊ ယာဉ်အန္တရာယ်ကြောင့်  အသက်အန္တရာယ် ထိခိုက်မှု၊ ကိုယ်လက်အင်္ဂါ ချို့ယွင်းထိခိုက်မှုများဖြစ်ပွားမှုများ မိမိတို့ပတ်ဝန်းကျင်တွင် မကြာခဏတွေ့မြင်နေရကြောင်း၊ ယာဉ်အန္တရာယ်ကြောင့်ပျက်စီးဆုံးရှုံးမှု၊ အသက်အန္တရာယ်ထိခိုက် ပျက်စီးမှုများမဖြစ်စေရန်အတွက် လမ်းဖြတ်ကူးရာတွင်ဂရုစိုက်၍ ကူးကြရန်၊ လမ်းကူးသူများ၏ ပေါ်ဆမှုကြောင့် ဖြစ်ပွားသည့်  ထိခိုက်ပျက်စီးမှုများ၊ လမ်းကူးရာတွင် လိုက်နာရမည့် စည်းကမ်းများ၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ လမ်းညွှန်သင်္ကေတများ စသည်တို့ကို ပညာပေးဟောပြောပြီး  ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကို  ပြန်လည်မေးမြန်း ဆွေးနွေးရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပြီး မော်လမြိုင်ခရိုင် ယာဉ်ထိန်း ရဲတပ်ဖွဲ့မှ  ဒုရဲအုပ် ပြည့်ဖြိုးအောင်နှင့် ယာဉ်ထိန်း ရဲတပ်ဖွဲ့ဝင်များက ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ ပညာပေး လက်ကမ်းစာစောင်များကို ကျောင်းသား၊ ကျောင်းသူများအား အခမဲ့ ဖြန့်ဝေခဲ့ကြောင်း   သိရသည်။

  ချိုမြတ်မြတ်ထွေး(ပြန်/ ဆက်)