တပ်ကုန်း ဒီဇင်ဘာ ၁၅
နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂) ဦးဇေယျာလင်းသည် တိုင်းအဆင့်ဌာနဆိုင်ရာများ ဖြစ်ကြသော အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာန၊ သမဝါယမဦးစီးဌာန၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများ၊ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတို့မှ ခရိုင်မှူးများ၊ မြို့နယ်အဆင့်ဌာန ဆိုင် ရာတာဝန် ရှိသူများလိုက်ပါ၍ တပ်ကုန်းမြို့နယ်အတွင်းရှိ ဇီးကုန်းကျေးရွာ၊ ကျေးချောင်း(မ) ကျေးရွာ၊ ညောင်ငါးပင်(မ) ကျေးရွာများတွင် ကျေးရွာတစ်ရွာထုတ်ကုန်တစ်ခု(One Village One Product OVOP )လုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် ဇီးကုန်းကျေးရွာမှ တံမြက်စည်းလုပ်ငန်း၊ ကျေးချောင်း (မ)ကျေးရွာမှ ထန်းကုလားထိုင်လုပ်ငန်း၊ ညောင်ငါးပင်(မ)ကျေးရွာမှ ပဲကြော်၊ ပဲလှော်လုပ်ငန်းလုပ်ကိုင်သူများနှင့် တွေ့ဆုံခြင်း အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျေးချောင်း(မ)ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်း၊ ဓမ္မာရုံတွင် ကျင်းပခဲ့သည်။
အခမ်းအနားတွင် နေပြည်တော်ကောင်စီအဖွဲ့ဝင်(၂)ဦးဇေယျာလင်းက ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်ခု (OVOP) လုပ်ငန်းများဆောင်ရွက်နိုင်ရန် ကွင်းဆင်းလာခြင်း၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးလုပ်ငန်းများကို အပြည့်အဝ ဆောင်ရွက်လုပ်ကိုင်ရန် လိုအပ်ပါကြောင်း၊ ကျေးရွာသူ၊ ကျေးရွာသားများ အနေဖြင့် မိမိတို့ ဆောင်ရွက်လိုသည့်လုပ်ငန်းများကို တင်ပြသွားရန်ဖြစ်ပြီး၊ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်၊ သက်ဆိုင်ရာဌာနများမှ တိုင်းဦးစီးမှူးများ လိုက်ပါလာပါကြောင်း၊ အဓိကရည်ရွယ်ချက်မှာ ဝင်ငွေများ ပုံမှန်ရရှိပြီး၊ စားဝတ်နေရေး အဆင်ပြေစေရန် ရည်ရွယ်ခြင်းဖြစ်သည့်အတွက် ကျေးရွာသူ၊ ကျေးရွာသားများ၏ လုပ်ကိုင်လိုသည့် ဆန္ဒအတိုင်း ဆောင်ရွက်ပေးရန်ဖြစ်ပါကြောင်း၊ ကျေးရွာတိုင်းကို စံပြကျေးရွာများဖြစ်စေချင်ပါကြောင်း၊ သို့မှသာ ဖွံ့ဖြိုးသည့် ကျေးရွာများဖြစ်လာပြီး နိုင်ငံလည်း ဖွံ့ဖြိုးလာမည်ဖြစ်ကြောင်း အမှာစကား ပြောကြားခဲ့ပြီးနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီထွေးက ကျေးရွာများနှင့် ပတ်သက်သည့် အကြောင်းအရာများအား တင်ပြခဲ့ပြီးနောက် အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ တိုင်းဦးစီးမှူးက ဒေသထွက်ကုန်ကြမ်းများကို အခြေခံပြီး တန်ဖိုးမြှင့် ထုတ်ကုန်များ
(Value Added ) တစ်ဆင့်မြှင့်၍ တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်လာနိုင်ရန် နည်းပညာသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးမည့် အစီအမံများ ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက် ၍ စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီးဌာန ခရိုင်ဦးစီးမှူးက ဆီစက်လုပ်ငန်းများအား ချေးငွေထုတ်ချေးပေးမည့် အစီအစဉ်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးက သဘာဝမြေဩဇာ သုံးစွဲမှု၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌက နွေစပါးအမှီ တောင်သူများအား သွင်းအားစုများ ထောက်ပံ့ပေးမည့်အစီအစဉ်များ ရှင်းလင်းဆွေးနွေးခဲ့ကြပြီးနောက် ကျေးရွာသူ၊ ကျေး ရွာသားများက လိုအပ်ချက်များနှင့် လုပ်ကိုင်လိုသည့် လုပ်ငန်းဆန္ဒများအား တင်ပြခဲ့ကြရာ နေပြည်တော်ကောင်စီအဖွဲ့ဝင်က ဆက်စပ်ဌာနများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီအဖွဲ့ဝင် (၂) ဦးဇေယျာလင်းနှင့် တာဝန်ရှိသူများသည် ရှားတောကျေးရွာအုပ်စု၊ ဂွေးပင်ကျေးရွာတွင် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ Mobile Financial Payment စနစ်ဖြင့် မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက် လည်ပတ်ရန်ပုံငွေ ထုတ်ချေး ခြင်း အခမ်းအနားသို့ တက်ရောက်၍ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်သူ (၈၉) ဦး၊ ထုတ်ချေးငွေ (၂၀၇) သိန်းနှင့် မွေးမြူရေးလုပ်ငန်းလုပ်ကိုင်သူ (၆၄)ဦး၊ ထုတ်ချေးငွေ(၁၄၁)သိန်း၊ ထုတ်ချေးသူ ပေါင်း(၁၅၃)ဦး၊ ထုတ်ချေးငွေပေါင်း (၃၄၈)သိန်းကို စနစ်တကျထုတ်ချေးပေးနေမှုအား ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
တင်စိုးလွင်(ပြန်/ဆက်)