"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ တိုင်း/ခရိုင်/ မြို့နယ် ဌာနဆိုင်ရာ  အစည်းအဝေးသို့ တက်ရောက်

ဟိုပန် ဒီဇင်ဘာ ၁၅

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီနပ်သည် ယနေ့နံနက် (၁၀)နာရီက "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည့် တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာ အစည်းအဝေးသို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် ဥက္ကဋ္ဌက (၇၅)နှစ်မြောက်၊ စိန်ရတု လွတ်လပ်ရေးနေ့ အထိမ်းအမှတ် အခမ်းအနားနှင့် အားကစားပြိုင်ပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး ဖွဲ့စည်း ထားသည့် ကော်မတီအလိုက် ဌာနဆိုင်ရာများက ပူးပေါင်းဆောင်ရွက်ပေးရန်၊ ပြည်သူများ၏ လိုအပ်ချက်များကို ဌာနဆိုင်ရာအလိုက် ကွင်းဆင်း၍ ဦးစားပေးအဆင့် သတ်မှတ်၍ ပြန်တင်ပြပေးရန်၊ ဌာနဆိုင်ရာများအနေဖြင့် ဒေသဖွံ့ဖြိုးရေးအတွက် လုပ်ငန်းများကို "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းမှတစ်ဆင့် တင်ပြပေးရန်၊ ဒေသအတွင်း တည်ငြိမ်အေးချမ်းမှုကို ဆက်လက်ထိန်းသိမ်းရန်၊ ဌာနအလိုက် ဝန်ထမ်းလိုအပ်ချက်များရှိပါက တင်ပြပေးကြရန်နှင့် တာဝန်ထမ်းဆောင်စဉ်ကာလအတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို စေတနာထား၍ ဆောင်ရွက်ပေးသွားကြရန် မှာကြားခဲ့သည်။

ဆက်လက်၍ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို ကွင်းဆင်း၍ ပြန်လည်တင်ပြပေးရန်၊ ဌာနအလိုက် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်သည့် လုပ်ငန်းများကို သတ်မှတ်ကာလပြီးစီးရေး ကြပ်မတ်ဆောင်ရွက်ရန်၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မည့် လုပ်ငန်းများ တင်ပြလျှင် လုပ်ငန်းပမာဏ၊ အတိုင်းအတာ၊ တွက်ချက်မှု (Estimate) တို့ဖြင့် အပြည့်အစုံ တင်ပြပေးရန်၊ (၆)လပတ် လုပ်ငန်းဆောင်ရွက်မှုများ တင်ပြလျှင် ကိန်းဂဏန်းမှားယွင်းမှု မရှိစေရေး ဌာနအကြီးအကဲ ကိုယ်တိုင်ကြပ်မတ်ဆောင်ရွက်ပေးရန်၊ လမ်းအညွှန်း၊ ဆိုင်းဘုတ်၊ အမှတ်အသားများကို ကွင်းဆင်းဆောင်ရွက်ရန်၊ လမ်းလျှောက်ပွဲ စုရပ်နေရာတွင် လျှပ်စစ်မီးထွန်းညှိပေးရန်နှင့် ဒေသဖွံ့ဖြိုးရေးဆောင်ရွက်မှု မှတ်တမ်းများကို CD/ Stick တို့ဖြင့် သိမ်းဆည်းထားကြပါ ရန် ဆွေးနွေးပြောကြားခဲ့သည်။

ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးတင့်က လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ခရိုင်အုပ်ချုပ်ရေးအဖွဲ့ဖလား ပိုက်ကျော်ခြင်း ဆောင်ရွက်မည့် အစီအစဉ်ကိုလည်းကောင်း၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူးရုံးမှ ဦးဝင်းဦး (လက်ထောက်ညွှန်ကြားရေးမှူး)က ပန်းခင်းစီမံချက်(၂)ဖြင့် "ဝ"အထူးဒေသ(၂)နမ့်တစ်မြို့တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း ဆောင်ရွက်ပြီးစီးမှု အခြေအနေကို လည်းကောင်း၊ မြို့နယ်စည်ပင်သာယာရေးဌာနမှ အမူဆောင်အရာရှိ ဦးနိုင်မျိုးဦးက ဝဏ္ဏ ကျော်ထင် စဝ်ခွန်ဆမ် ခန်းမသို့ သွားသည့်လမ်းများ အဆင့်မြှင့်တင်ရေး ကွင်းဆင်းဆောင်ရွက်မှု အခြေအနေကိုလည်းကောင်း အသီးသီး ရှင်းလင်းတင်ပြခဲ့ကြသည်။

အဆိုပါ အစည်းအဝေးသို့ "ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ ဝင်များ၊ ခရိုင်/ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ် ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)