ရန်ကင်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့အဆင့်မြင့်သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကင်း ဒီဇင်ဘာ ၁၅

ရန်ကင်းမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် မြန်မာ့သိုင်းအဆင့်မြင့်သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀:၀၀ နာရီက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားတွင် ရန်ကင်းမြို့နယ်ပညာရေးမှူးက မြန်မာ့အဆင့်မြင့်သိုင်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးသည့်အတွက် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကိုယ်ခန္ဓာကျန်းမာသန်စွမ်းခြင်း၊ ဉာဏ်ရည်ထက်မြက်ခြင်း၊ ကျန်းမာရေးကောင်းမွန်ခြင်း၊ ပညာသင်ယူရာတွင် စိတ်လက်ပေါ့ပါးကာ စိတ်ဝင်စားမှုရှိခြင်း၊ အနာဂတ်အတွက် အားကိုးအားထားပြုရမည့် လူငယ်များဖြစ်ပေါ်စေခြင်းတို့ကြောင့် ယခုကဲ့သို့ သင်တန်းများဖွင့်လှစ်ပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၂)မှ သင်တန်းဆင်းကတ်များ ချီးမြှင့်ပေးပြီး မြို့နယ်အားကစားမှူးမှ သင်တန်းနည်းပြများအား ဂုဏ်ပြုငွေများပေးအပ်ကာ အဆိုပါအခမ်းအနားသို့ ရန်ကင်းမြို့နယ်ပညာရေးမှူးနှင့် ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အားကာမှူးနှင့်အဖွဲ့ဝင်များ၊ ကျောင်းသား၊ ကျောင်းသူ ၁၅၀ ဦးနှင့် ဖိတ်ကြားထားသော ဧည့်သည်တော်များတက်ရောက်ခဲ့ကြပြီး အခမ်းအနားကို ၁၁:၂၀ နာရီတွင် ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

အိရွှေစင်(ပြန်/ဆက်)