မုဒုံ ဒီဇင်ဘာ ၁၅
ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းရရှိစေပြီး မိသားစုဝင်ငွေတိုးပွားလာကာ ဆင်းရဲမှုလျော့ကျစေရန်ရည်ရွယ်၍ မွန်ပြည်နယ် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကော့ခပုံ(ရွာဟောင်း) ကျေးရွာတွင် မြစိမ်းရောင် ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများကို ယမန်နေ့က တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့သည်။
ကွင်းဆင်းစစ်ဆေးရာတွင် မုဒုံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးက ကြီးကြပ်၍ စီမံကိန်းတာဝန်ခံ ဝန်ထမ်းများက ကော့ခပုံ (ရွာ ဟောင်း) ကျေးရွာတွင် မြစိမ်းရောင်ကျေးရွာစီမံကိန်း ချေးငွေများဖြင့် ဆောင်ရွက်ထားသော လုပ်ငန်းများ လအလိုက်ဖြည့်သွင်းရမည့် ငွေစာရင်းပုံစံများ ပြည့်စုံမှုရှိ၊ မရှိနှင့်လုပ်ငန်းအခြေအနေများကို စစ်ဆေးပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။
ကော့ခပုံ(ရွာဟောင်း)ကျေးရွာသည် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို ၂၀၁၈ -၂၀၁၉ ဘဏ္ဍာရေးနှစ်မှစ၍ အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ရာ လက်ရှိတွင် စိုက်ပျိုးရေး၊ မွေးမြူရေး၊ အရောင်းအဝယ်နှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်း လုပ်ကိုင်သူဦးရေ စုစုပေါင်း (၅၃)ဦးအား မြစိမ်းရောင်ကျေးရွာ စီမံကိန်းချေးငွေကျပ်သန်း ၄၀ ကို ထုတ်ချေးပေးထားကြောင်း၊ မြစိမ်းရောင်းကျေးရွာစီမံကိန်းကို ၂၀၁၄ - ၂၀၁၅ ဘဏ္ဍာရေးနှစ်မှစ၍ ၂၀၂၂ - ၂၀၂၃ ဘဏ္ဍာရေးနှစ်အထိ မြို့နယ်အတွင်းရှိ ကျေးရွာပေါင်း ၂၀ ရွာတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သားငယ် (ပြန်/ဆက်)