ရန်ကုန် ဒီဇင်ဘာ ၁၅
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်အတွင်းရှိ ဝန်ထမ်းများ သတင်းစွမ်းဆောင်ရည် တိုးတက်လာစေရန် ရည်ရွယ်၍ သတင်းရေးသားနည်း သင်တန်းဆင်းပွဲနှင့်ဆုပေးပွဲကို ယမန်နေ့ မွန်းလွဲ(၄)နာရီအချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပသည်။
ကျင်းပရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က ကျေးဇူးတင်စကားပြောကြားပြီး မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ ရန်ကုန်တိုင်းဒေသကြီးဒုတိယဥက္ကဋ္ဌ ဦးသက်တင် (မောင်သာတင့်)က မုဒိတာစကားပြောကြားပြီးနောက် မြန်မာနိုင်ငံသတင်းစာဆရာအသင်း၊ အင်းစိန်မြို့နယ်ဥက္ကဋ္ဌ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)တို့က အမှာစကားပြောကြားသည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်)၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးအေးခိုင်က သင်တန်းနည်းပြများကို ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးပေးအပ်ပြီး သင်တန်းတွင် ထူးချွန်စွာဖြင့် ပထမ၊ ဒုတိယ၊ တတိယ ဆုများအသီးသီးရရှိခဲ့ကြသော ဝန်ထမ်းများအား တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကြပြီး သင်တန်းသား၊သင်တန်းသူ ဝန်ထမ်းများကို သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်သည်။
အဆိုပါသင်တန်းကို နည်းပြများအဖြစ် ဦးသက်တင် (မောင်သာတင့်)က မြန်မာနိုင်ငံသတင်းစာသမိုင်း (အကျဉ်း)၊ ဦးဘိုကြည် (ဒေါက်တာ ဗိုလ်သံမဏိ-တောင်တွင်းကြီး)က သတင်းမီဒီယာဥပဒေ၊ သတင်းမီဒီယာနည်းဥပဒေနှင့် သတင်းမီဒီယာကျင့်ဝတ်၊ အင်းစိန်မြို့နယ်၊ စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့် (မောင်မောင်ဝင်းမြင့်-မှုခင်း)က သတင်းရယူခြင်းနှင့် သတင်းရေးသားနည်းပညာ၊ စာရေးဆရာ ဝင်းနွယ်(ပုသိမ်)က သတင်းရယူခြင်း၊ တည်ဖြတ်ခြင်း၊ သတင်းဓာတ်ပုံရိုက်ကူးခြင်းနှင့် သတင်းပို့ခြင်းပညာ စသည့်ဘာသာရပ်တို့ကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်း ခရိုင်အတွင်းရှိ ဝန်ထမ်း(၂၀)ဦးတို့အား ဒီဇင်ဘာလ(၁၂)ရက်နေ့မှ ဒီဇင်ဘာလ(၁၄) ရက်နေ့ မွန်းလွဲ(၁)နာရီအချိန်မှ ညနေ(၄)နာရီအချိန်အထိ (၃)ရက်အတွင်း စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ ဆက်)