ကျိုင်းတုံမြို့၌ လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပ

ကျိုင်းတုံ ဒီဇင်ဘာ ၁၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်  ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ခွဲ)အလက(၃)ခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၃)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးစန္ဒာနိုင်က အမှာစကားပြောကြားပြီး ကျိုင်းတုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြာရေးမှူး ဒေါ်ခင်သန္တာထွေးက ကျောင်းသား၊ ကျောင်းသူလူငယ်များအချင်းချင်း အသိပညာဗဟုသုတများဖလှယ်တတ်စေရန်၊ လူအများရှေ့၌ ရဲဝံ့စွာစကားပြောဆိုတတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန် စသည့်ရည်ရွယ်ချက်များဖြင့် လူငယ်စကားဝိုင်း ဆွေးနွေးပွဲကျင်းပရခြင်းဖြစ်ကြောင်း ပြော ကြားသည်။

လူငယ်စကားဝိုင်း‌ဆွေးနွေးပွဲတွင် အခြေခံပညာအထက်တန်းကျောင်းခွဲ အလက(၃)မှ ကျောင်းသား၊ ကျောင်းသူလေးဦးတို့က လူငယ်နှင့်ပညာရေး၊ စာပေ၊ အားကစား၊ ကျန်းမာရေး၊ ယဉ်ကျေးမှု၊ နည်းပညာစသည့် ခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြရာ တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက စကားဝိုင်းအတွင်း  အပြန်အလှန်ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် အသိပညာပေးနံရံကပ်စာစောင်များနှင့် စာအုပ်ပြပွဲများကို စိတ်ဝင်တစား လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)