မိုင်းဆတ် ဒီဇင်ဘာ ၁၅
ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက် (၉) နာရီခွဲက အ.လ.က (ကျဒယ်) ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
ရှေးဦးစွာ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ်က ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်နှင့်ပြည့်စုံပြီး နှုတ်မှုစွမ်းရည်ထက်မြက်စေရန်၊ ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများဖြစ်လာစေရန်၊ လူငယ်အချင်းချင်း ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အသိပညာ ဗဟုသုတ တိုးပွားပြီး ဘက်စုံထူးချွန်ထက်မြက်သော အနာဂတ်လူငယ်များ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်စန်းစန်းယဉ် က လူငယ်နှင့်ရည်မှန်းချက် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အ.လ.က(ကျဒယ်)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အက်စတာက လူငယ်နှင့်စာဖတ်ခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသား မောင်ကျော်ဇေယျာမင်းထွန်းက လူငယ်နှင့်ပျော်ရွှင်ခြင်း ခေါင်းစဉ်ဖြင့် လည်းကောင်း၊ မောင်ဝင်းမင်းမြတ်က လူငယ်နှင့်မျှဝေခြင်း ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကျောင်းသူ မသက်သဇင်ဦးက လူငယ်နှင့်တန်ဖိုး ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ဆရာမ ဒေါ်သိန်းဋ္ဌေးဝင်းက လူငယ်စကားဝိုင်းတွင် ဦးဆောင်ဆွေးနွေးသူများ၏ ဆွေးနွေးမှုများအား တက်ရောက်လာသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် အတတ်နိုင်ဆုံး လေ့လာ မှတ်သားကြရန် ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များနှင့် လေ့လာသင်သည်များကို မေးမြန်းဆွေးနွေးခဲ့ရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ဆွေးနွေးဖြေကြားခဲ့ပြီး လူငယ်စကားဝိုင်း အခမ်းအနားသို့ ကျောင်းသား၊ ကျောင်းသူ(၁၃၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။
မြင့်မောင်(ပြန်/ဆက်)