ဗဟန်းမြို့နယ် အမှတ်(၁) မူလတန်းကြိုကျောင်းတွင် ဒုတိယအကြိမ် မိဘအသိပညာပေး ဆွေးနွေးပွဲကျင်းပ

ဗဟန်း ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ် ရွှေတောင်ကြား(၁)ရပ်ကွက်၊ ကမ္ဘောဇလမ်းရှိအမှတ်(၁) မူလတန်းကြိုကျောင်းတွင် ဒုတိယအကြိမ် မိဘအသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ (၂:၀၀)နာရီက ကျင်းပခဲ့သည်။

အဆိုပါ မိဘဆရာ အသိပညာပေးဆွေးနွေးပွဲကို ကလေးများဘက်စုံဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများဆောင်ရွက်ရာတွင် မိဘများအထူးသိသင့်သည့် မှတ်သားဖွယ်ရာများကို‌အပြန်အလှန်ဆွေးနွေပြီး မိဘများနှင့်ပူးပေါင်းဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။

ဦးစွာ ကျောင်းအုပ်ဆရာမကြီး ဒေါ်လွင်လွင်နွယ်က ကလေးများတွင် ချစ်ခင်မှု၊ ကြင်နာမှု စိတ်လုံခြုံမှု၊ အာဟာရပြည့်ပြည့်ဝဝစားသောက်မှု၊ လုံခြုံစွာနေထိုင်ရမှု၊ လှုပ်ရှားလေ့ကျင့်မှုများလိုအပ်ပါကြောင်း၊ မိဘများ/ ပြုစုစောင့်ရှောက်သူများ၏ ပံ့ပိုးမှုများအနေဖြင့် ကာကွယ်ထားရမည်၊ လက်ခံထားရမည်၊ အသိအမှတ်ပြုရမည်၊ နှစ်သက်သဘောကျမှုပြသရမည်၊ ကူညီလမ်းညွှန်မှုပြုရမည်၊ လိုအပ်ပါက ထိန်းကွပ်ပေးရမည်၊ ကလေးများ ကိုယ့်အားကိုယ်ကိုးယုံကြည်လာအောင် ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း အသိပညာပေး ဆွေးနွေးပြောကြားသည်။

ဆက်လက်၍ မိဘများနှင့် အဖွဲ့လိုက်လှုပ်ရှားမှုများ မေးခွန်းများ‌မေးမြန်းဖြေကြားခြင်း၊ အဖွဲ့လိုက်ပြိုင်ပွဲများကို ပျော်ရွှင်စွာ ဆောင်ရွက်ခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ‌ကလေးများကို စာအုပ်စာပေချစ်မြတ်နိုးတတ်စေရန် ပုံပြင်များပြောပြခြင်း၊ စာအုပ်စာစောင်များ ဖတ်ပြခြင်းတို့ကို လုပ်ဆောင်ပေးသင့်ကြောင်းနှင့် စာအုပ်စာစောင် ဖတ်ပြရမည့် နည်းလမ်းများကို ဆွေးနွေးပြောကြားခဲ့‌သည်ဟု သိရှိရသည်။

စန္ဒာဌေး(ပြန်/ ဆက်)