ဘားအံ ဒီဇင်ဘာ ၁၅
(၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် သမဝါယမနှင့်ကျေးလက် ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဘားအံမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေဖြင့် ဆောင်ရွက်သော ဘားအံမြို့နယ်၊ လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ မွန်စရီးကျေးရွာအဝင်လမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ယမန်နေ့နံနက် ၈ နာရီအချိန်က အဆိုပါကွန်ကရစ်လမ်းသစ် မုခ်ဦး တည်နေရာ၌ကျင်းပခဲ့သည်။
အဆိုပါလမ်းသစ်ကို ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦး၊ ပြည်နယ်တရား လွှတ်တော်တရားသူကြီးချုပ်ဒေါ်ခင်ဆွေထွန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ရပ်မိရပ်ဖတစ်ဦးတို့ က ဖဲကြိုးဖြတ်ဖွင့် လှစ်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက လမ်းအားဖြတ်သန်း ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
လှိုင်ကမ္ဘာကျေးရွာအုပ်စု၊ မွန်စရီးကျေးရွာအဝင်လမ်းကို ၂၀၂၁-၂၀၂၂ ဘဏ္ဍာရေးနှစ် ကရင်ပြည်နယ်အစိုးရ အဖွဲ့ရန်ပုံငွေကျပ် ၁၂၈ ဒဿမ ၆၀၂ သန်းဖြင့် လမ်းအရှည် ၅ ဒဿမ ၄၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ်ဆောင်ရွက်ပေးခဲ့ပြီး ယခုနှစ် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တွင် ပြည်နယ်အစိုးရအဖွဲ့ရန်ပုံငွေကျပ် ၁၃၉ ဒဿမ ၅၉၁ သန်းဖြင့် လမ်းအရှည် ၅ ဒဿမ ၅ ဖာလုံ၊ အကျယ် ၁၆ ပေ၊ ထု ၆ လက်မ ကွန်ကရစ်လမ်းအဖြစ် ထပ်မံဆောင်ရွက်ပေးခဲ့သည့်အတွက် နှစ်လမ်းသွားကွန်ကရစ်လမ်းမအဖြစ် ပြည်တွင်းပြည်ပခရီးသွားဧည့်သည်များ အေးချမ်းပျော်ရွင်စွာ ဝင်ထွက်သွားလာနိုင်မည်ဖြစ်သည်။
လမ်းဖွင့်ပွဲတွင် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးက လမ်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားကာ ဒေသခံတစ်ဦးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်တာဝန်ရှိသူများသည် လှိုင်ကမ္ဘာကျေးရွာအုပ်စု ဒုံရင်းသဘာဝ စိမ့်ရေတံခွန်အားကြည့်ရှုစစ်ဆေးကာ ရေလှောင်ကန်များနှင့်သဘာဝပတ်ဝန်းကျင် သန့်ရှင်းသာယာ လှပရေး၊ ရေစီးရေလာကောင်းမွန်ရေး၊ ဈေးဆိုင်များစနစ်တကျရှိစေရေးတို့ကို တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)