သာစည် ဒီဇင်ဘာ ၁၅
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများလိုက်ပါလျက် သာစည်မြို့နယ်၊ ကြက်မောက်ကျေးရွာ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး ရွှေတောင်(၁၀) ချည်မျှင်ရှည်ဝါ မျိုးသန့်မျိုးစေ့နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့များ ထောက်ပံ့ပေးအပ်ကာ ကျေးလက်စီးပွားမြင့်မားရေး RBF စီမံကိန်းဝင် မွေးမြူရေးလုပ်ငန်းအတွက် ငွေကျပ်သိန်း ၃၀၀ ပေးအပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ရဲဘော်-၂ ဆည်ပေါင်ပေါ်တွင် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ဒေသခံတောင်သူများနှင့် တွေဆုံခဲ့ရာ တာဝန်ရှိသူများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် နိုင်ငံတော်ထောက်ပံ့ရန်ပုံငွေဖြင့် ပြန်လည်တူးဖော်ပြုပြင်ပြီးသော ရဲဘော်-၂ ဆည်၊ ပျူတွင်းဆည်နှင့်ဆက်စပ်လုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအခြေအနေများ၊ ရေဝင်ရောက်ရှိမှုအခြေအနေများ၊ စိုက်ပျိုးရေးအခြေအနေများ ကိုတင်ပြကြရာ ဒုတိယဝန်ကြီးက သိရှိလိုသည်များ မေးမြန်းကာဒေသခံတောင်သူများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေးစသည်ဖြင့်ဒေသဖွံ့ဖြိုးရေးလိုအပ်ချက်များကို မေးမြန်းဆွေးနွေးခဲ့ ကြောင်းသိရသည်။
ထို့နောက် ဒုတိယဝန်ကြီးက ကြက်မောက်ကျေးရွာအုပ်စုအတွင်းရှိ ဝါစိုက်တောင်သူ ၁၀၀ ဦးအတွက် ရွှေတောင်(၁၀)ချည်မျှင်ရှည်ဝါမျိုးသန့်မျိုးစေ့ သုံးပိဿာအိတ် ၁၀၀ နှင့် ဟင်းသီးဟင်းရွက်မျိုးစေ့ ၁၁ မျိုးတို့ကို ထောက်ပံ့ပေးအပ်သည်။
ဆက်လက်ပြီး ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျေးလက်စီးပွားမြင့်မားရေးရန်ပုံငွေ (RBF) စီမံကိန်းဖြင့် ဆောင်ရွက်ထားသော နွားမွေးမြူရေးခြံသို့ သွားရောက်ကြည့်ရှုကာ လိုအပ်သည်များ မှာကြားပြီး မွေးမြူရေးလုပ်ငန်း အစုအဖွဲ့လေးဖွဲ့အတွက်တစ်ဖွဲ့လျင် ငွေကျပ် ၇၅ သိန်းဖြင့် ငွေကျပ်သိန်း ၃၀၀ အားပေးအပ်ခဲ့ ကြောင်းသိရသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှုလက်မှုလုပ်ငန်း ဦးစီးဌာနမှ ဖွင့်လှစ်ခဲ့သောအခြေခံစက်ချုပ်လုပ်ငန်း တက်ရောက်ခဲ့သူများ၏ စက်ချုပ် လုပ်ငန်း ဆောင်ရွက်နေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)