ရန်ကုန် စက်တင်ဘာ ၂၂
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံခြင်းမှ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ယမန်နေ့ ညနေပိုင်းအချိန်က တာမွေမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ပြည်သူ့ဝန်ဆောင်မှုရုံး (One Stop Shop) ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် တာမွေမြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်အေးက " တာမွေမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ကူးစက်မှုနှုန်း မြင့်မားလာသည့်အတွက် မြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် မိမိတို့နေအိမ်တွင်သာ နေထိုင်ရေး (Stay at Home) အမိန့်ထုတ်ပြန်ထားပြီးဖြစ်ကြောင်း၊ နေအိမ် ပြင်ပသို့ ထွက်ခွာသွားလာသည့် အခါများတွင်လည်း နှာခေါင်းစည်း(Mask) တပ်ဆင်ရန်နှင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် လမ်ညွှန်ချက်များအား စဉ်ဆက် မပြတ် အသိပညာပေးခြင်းကို ရပ်ကွက်များအလိုက် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ လက်ရှိအခြေ အနေတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည့်အတွက် တာမွေမြို့နယ် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတွင် Community Base Facility Quarantine Centre ဖွင့်လှစ်၍ ပိုးတွေ့လူနာများနှင့် ထိတွေ့ဆက်စပ်ခဲ့သူများကို ထားရှိဆောင်ရွက်လျက်ရှိကြောင်း၊ အဆိုပါ လုပ်ငန်းများတွင် မြို့နယ်ကိုဗစ်-၁၉ ကော်မတီဝင်များ အားလုံး ပူးပေါင်းဆောင်ရွက်ကြရန်" ဆွေးနွေးခဲ့ပါသည်။ ဆက်လက်၍ တာမွေမြို့နယ် အမှတ်(၁) တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှသိန်းကလည်း မြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်းများပြားနေ သည့်အတွက် နေအိမ်ပြင်ပ ထွက်ခွာသူများအနေဖြင့် နှာခေါင်းစည်း(Mask)တပ်ဆင်ရေးကို အထူး ကြပ်မတ်ဖို့လိုအပ်ကြောင်း၊ အသိပညာပေး လုပ်ငန်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ပေး လျက်ရှိကြောင်း၊ ရောဂါကူးစက်မှုကို ထိန်းချုပ်နိုင်ရေးအတွက် ပြည်သူများကလည်း ပူးပေါင်းပါဝင် ဖို့ အထူးလိုအပ်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
ထို့နောက် တက်ရောက်လာကြသော မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီဝင်များက ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအား ကဏ္ဍအလိုက် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အစည်းအဝေးကို ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသည့် Social Distancing ဖြင့် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။
မို့မို့အောင် (ပြန်/ဆက်)