မလှိုင်မြို့နယ် သဲကန်ကျေးရွာဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ ဒေသဖွံ့ဖြိုးရေးဆွေးနွေးပြီး အချိုးကျကိုယ်စားပြု(PR)စနစ်အကြောင်း ချပြရှင်းလင်း

မလှိုင်  ဒီဇင်ဘာ  ၁၅ 

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အတွင်း ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေး၊ နယ်မြေ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်စေရန် မြို့နယ်အဆင့်ဌာန ဆိုင်ရာများနှင့် သဲကန်ကျေးရွာအုပ်စု၊ သဲကန်ကျေးရွာ ဒေသခံပြည်သူများတွေ့ဆုံ ဆွေးနွေးပွဲကိုဒီဇင်ဘာ ၁၃ ရက်နေ့ မွန်းလွဲပိုင်းက အဆိုပါကျေးရွာ ဘုန်းတော်ကြီးကျောင်းရှိ သာသနာ့ရက္ခိတဗိမ္မာန်၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က ဒေသခံပြည်သူများနှင့် လာရောက်တွေ့ဆုံရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး ပြည်သူများ အတွက်အမှန်တကယ်လိုအပ်သည့် ဒေသဖွံ့ဖြိုးရေးကိစ္စများနှင့်ပတ်သက်၍ ပွင့်ပွင့်လင်းလင်း တင်ပြဆွေးနွေးပေးရန်ပြောကြားခဲ့သည်။ ထို့နောက် အဖွဲ့ဝင်(၁)ဗိုလ်မှူးဌေးသန်းက နိုင်ငံတော်စီမံအုပ်ချုပ် ရေးကောင်စီက ဆောင်ရွက်နေသည့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်၊ ဦးတည်ချက်(၉)ရပ်နှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ယင်းနောက်တွေ့ဆုံပွဲသို့ တက်ရောက်လာသော ဒေသခံပြည်သူ(၉)ဦးတို့မှ ဒေသဖွံ့ဖြိုးရေးအတွက် အမှန်တကယ်လိုအပ်သည့် လမ်းရရှိရေးကဏ္ဍ(၇)ခု၊ ဆည်မြောင်း ကဏ္ဍ (၁)ခု၊ ပညာရေးကဏ္ဍ(၁)ခု၊ ရေကျော်ရရှိရေး ကဏ္ဍ(၁)ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားရရှိရေးကဏ္ဍ (၁)ခု၊ လူမှုကူညီရေးအသင်း အဖွဲ့ မှတ်ပုံတင်ခွင့်ရရှိရေး ကဏ္ဍ(၁)ခု၊ စုစုပေါင်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် လုပ်ငန်း(၁၂)ခုအား ဆောင်ရွက်ပေးစေလိုကြောင်း တင်ပြချက်များအပေါ် သက်ဆိုင်ရာဌာနများမှ ကဏ္ဍအလိုက် ပြန်လည်ရှင်း လင်းဖြေကြားဆောင်ရွက်ပေးခဲ့သည်။ ထို့နောက် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန (မြို့နယ်ဦးစီးမှူးရုံး)မှ နိုင်ငံသားစိစစ်ရေး ကဒ်အသစ်(၆)ဦးပြုလုပ်ပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက ကာယ ကံရှင်များထံပေးအပ်ခဲ့သည်။

ယင်းနောက်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ကျော့ကျော့ခိုင်မှ ဒေသခံပြည်သူများအား၂၀၂၃ခုနှစ်ရွေး ကောက်ပွဲကို အချိုးကျကိုယ်စားပြုစနစ်(Proportional Representation)ဖြင့် ကျင်းပပြုလုပ် သွားမည်ဖြစ်၍ PR စနစ်အကြောင်းကိုရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် အခမ်းအနားတက်ရောက်လာသူဒေသခံ ပြည်သူ( ၂၀၀) ဦးအနက် (၁၁၀)ဦးတို့အား မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉  ရောဂါကာကွယ်ဆေး (Booster) ထပ်ဆောင်း ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ကြောင်းသိရသည်။

အောင်ဌေး(မလှိုင်)