မှော်ဘီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအ​​ထက်ကျောင်း၌ လူငယ်စကားဝိုင်းကျင်းပ

မှော်ဘီ ဒီဇင်ဘာ ၁၅

ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ အမှတ်(၁)အ​​ခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အ‌ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူငယ်စကားဝိုင်းကို ယမန်နေ့ မွန်းလွဲ(၁)နာရီအချိန်က ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင် (အင်းစိန်) ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည်က အဖွင့်အမှာစကားပြောကြားပြီး မှော်ဘီမြို့နယ်၊ စာပေချစ်သူများအသင်း (Book Club) အတွင်းရေးမှူး ဦးဝင်းနွယ်(ပုသိမ်)က လူငယ်စကားဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့သည်။

ဆက်လက်၍ မှော်ဘီမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်ဝင်းက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။

ဆက်လက်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)၊ ဦးစီးအရာရှိ ဒေါ်ခင်နှင်းကြည် ဦးဆောင်၍ ကျောင်းသားကျောင်းသူ(၆)ဦးက လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေး ခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတများကို ပြည့်ပြည့်စုံစုံကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြသည်။

ဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများကသိလို သည်များကို ပြန်လည်၍ မေးခွန်းများ မေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများအား ကဏ္ဍအလိုက်အသီးသီးပြန်လည်ဖြေကြားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသည့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့်လှည့်လည်ကြည့်ရှု ခဲ့ကြသည်။

ထို့နောက် လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများကို စာရေးဆရာမ အေးအေးသန့်(စက်မှု)က အမှတ်တရ လက်ဆောင်များ ပေးအပ်ခဲ့ပြီး အမှတ်တရမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။

ကောင်းမြတ်သူ(ပြန်/ ဆက်)