မြစ်ကြီးနားမြို့၌ ကလေးသူငယ်အခွင့်အရေးဆိုင်ရာများနှင့် လူမှောင်ခို/လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲ ကျင်းပ

မြစ်ကြီးနား ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ အမှတ်(၁၂)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ မြို့ပေါ်ရှိ အခြေခံပညာအထက်တန်းကျောင်းအသီးသီးတွင် ကလေးသူငယ် အခွင့်အရေးဆိုင်ရာများနှင့် လူမှောင်ခို/ လူကုန်ကူးမှုဆိုင်ရာ အသိပညာပေး ဟောပြောပွဲများ ကွင်းဆင်း‌ဆောင်ရွက်လျက်ရှိရာ  ဒီဇင်ဘာ ၁၄ ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့  အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း နိုင်ငံ့ရတနာခန်းမ၌  ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ရဲအုပ်သောင်းရွှေက ကလေးသူငယ်၏ အဓိပ္ပါယ်ဖွင့်ဆိုချက်၊ ကလေးသူငယ်များ၏ ရပိုင်ခွင့်နှင့်ဥပဒေအရ အကာအကွယ် ရရှိမှုများ၊ ကလေးသူငယ်များအပေါ် လုပ်အားခိုင်းစေမှု၊ အကြမ်းဖက်မှု စသည့်ပြစ်မှုပြစ်ဒဏ်များနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး ရဲအုပ်စိုးသူရက လူမှောင်ခို လူကုန်ကူးမှုဖြစ်စဉ်ဖြစ်ပွားရခြင်းနှင့် ပြစ်မှုဖြစ်စဉ်များ၊ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်ကြမည့်သူများ သိထားသင့်သည့်အချက်များ၊ မိမိနိုင်ငံနှင့် သဘောတူစာချုပ် ချုပ်ဆိုထားခြင်းမရှိသည့် ပြည်ပနိုင်ငံများတွင် လုပ်ကိုင်သူများသည် လူမှောင်ခို/ လူကုန်ကူးမှုအများဆုံးခံရပြီး နိုင်ငံတော်အစိုးရမှ ကူညီရမှုဖြစ်စဉ်များ၊ အလုပ်အကိုင် အေဂျင်စီများမှ လိမ်လည်၍ လူကုန်ကူးမှုနှင့် လူမှောင်ခိုမှုကျူးလွန်မှုများအား ပရိုဂျက်တာဖြင့် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးဟောပြောခဲ့ကြသည်။

ထို့နောက် မြစ်ကြီးနားမြို့ အမှတ် (၁၂) လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စုမှ ဒုတိယရဲမှူး လှိုင်စိုးက ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းကြည်ညွန့်ထံ အသိပညာပေးလက်ကမ်းစာစောင်များ ပေးအပ်ခဲ့ ပြီး တက်ရောက်လာသည့် အထက်တန်းဆင့်သင် ကျောင်းသား/သူများအား အသိပညာပေးလက်ကမ်း စာစောင်များ ဝေငှပေးခဲ့ကြောင်းနှင့် အသိပညာပေးဟောပြောပွဲသို့ ကျောင်းအုပ်ဆရာမကြီးနှင့် ဆရာ/မများ၊ အထက်တန်းဆင့် ကျောင်းသား/သူများ အင်အား (၃၆၀) ကျော် တက်ရောက်သည်။

ခရိုင်(ပြန်/ဆက်)