နောင်ချို ဒီဇင်ဘာ ၁၄
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် ပြည်သူ့ဆေးရုံတွင် အသက် (၆၅)နှစ် နှင့်အထက် သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးခြင်းကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ သက်ကြီးဘိုးဘွားများအား ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် သွေးတိုး၊ ဆီးချို ရောဂါများ ကဲ့သို့သော နာတာရှည်ရောဂါများအပြင် အအေးမိ၊ နှာစေး၊ ချောင်းဆိုး၊ ရာသီတုပ်ကွေး၊ ဖျားနာခြင်းများကဲ့သို့သော ရောဂါများကိုလည်း အခမဲ့ စမ်းသပ်ကုပေးလျက်ရှိကြောင်း အဘိုးအဘွားများ ကျန်းမာပျော်ရွှင်စွာ နေထိုင်နိုင်စေရန် ရည်ရွယ်၍ အပတ်စဉ် ဗုဒ္ဓဟူးနေ့တိုင်း နံနက် ၈နာရီမှ ၁၀နာရီအထိ ပြည်သူ့ဆေးရုံတွင် ကျန်းမာရေး စောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကျန်းမာရေး စောင့်ရှောက်မှုပေးရာတွင် ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး၏ ဦးဆောင်မှုဖြင့် ကျန်းမာရေးဝန်ထမ်းများ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြုလုပ်ဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း၊ သက်ကြီးဘိုးဘွားများအတွက် လိုအပ်သော ဆေးပစ္စည်းများနှင့် အာဟာရများကို ကျန်းမာရေးဦးစီးဌာနမှ ထောက်ပံ့ပေးထားသည့်အပြင် မြို့နယ်အတွင်းရှိ အလှူရှင်များကလည်း ဖြည့်ဆည်း လှူဒါန်းပေးလျက်ရှိကြောင်းနှင့် လှူဒါန်းလိုသော အလှူရှင်များအနေဖြင့် ကျန်းမာရေးဌာနသို့ ဆက်သွယ်၍ လှူဒါန်းနိုင်ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ထွေးငယ်(ပြန်/ဆက်)