ချမ်းမြသာစည်မြို့နယ်တွင် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပါ၀င်သော စစ်ကြောင်းကြီး (၅) ကြောင်းနှင့် ရပ်ကွက်နေ ဒေသခံပြည်သူများ တွေ့ဆုံပွဲ ပြုလုပ်

ချမ်းမြသာစည်  ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ တောင်ရပ်ကွက်၊ စစ်ကိုင်း - မန္တလေးလမ်းရှိ အမှတ် (၃၄) အထကတွင် နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးတို့ကို ရည်ရွယ်၍ ယနေ့နံနက်  ၀၈:၀၀ နာရီ အချိန်က မြို့နယ်အဆင့်ဌာနဆိုင်ရာများ ပါ၀င်သော စစ်ကြောင်းကြီး (၅)ကြောင်းနှင့်  ရပ်ကွက်နေဒေသခံပြည်သူများ တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့‌ကြောင်း သတင်းရသည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်က တွေ့ဆုံဆွေးနွေးပွဲများ ကွင်းဆင်းဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း ပြောကြားခဲ့သည်။  ဆက်လက်ပြီး အဖွဲ့၀င်(၂)ဦးဇော်၀င်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ လုပ်ငန်းစဉ်များအကြောင်းကိုလည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းက အသင်းအဖွဲ့ဆိုင်ရာ ဥပဒေများအကြောင်းကိုလည်းကောင်း၊ လူ၀င်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနက မှတ်ပုံတင်ပြုလုပ်ခြင်း ၊အိမ်ထောင်စုဇယား ပြုလုပ်ခြင်းဆိုင်ရာ သိကောင်းစရာများကိုလည်းကောင်း၊ မြို့နယ်စည်/ပင်မှ အဆောက်အအုံများ ဆောက်လုပ်ခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများ ကိုလည်းကောင်း၊ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိ ဒေါ်ဇင်မာအောင် က ၂၀၂၃ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် ကျင့်သုံးမည့် အချိုးကျကိုယ်စား ပြုစနစ် (PR) အကြောင်းကိုလည်းကောင်း၊ မြို့နယ်လျှပ်စစ် မန်နေဂျာ ဦးခင်ဇော်ကဓာတ်အား ဖြန့်ဖြူးရေး စနစ်များအ‌ကြောင်းကို လည်းကောင်း ရှင်းလင်း ဆွေးနွေးပြောကြားခဲ့‌ကြောင်း သိရသည်။ ထို့နောက် တက်ရောက်လာကြသူများ၏ မေးမြန်းမှုအား သက်ဆိုင်ရာ ဌာနများက ပြန်လည် ရှင်းလင်းပြောကြားခဲ့ပြီး ၂၀၂၃ ခုနှစ် အထွေထွေရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အလားတူ နေ့လယ်ပိုင်းတွင် သံလျက်မော်တောင်ရပ်ကွက်၊ ဧရာထွန်းလမ်းမကြီးနှင့် မြို့ပတ်လမ်းရှိ အမရစိတ်ဦး ဓမ္မာရုံတွင် ပြည်သူလူထုနှင့်တွေ့ဆုံပွဲကို ဆက်လက်ကျင်းပခဲ့သည်။

ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်နှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းထွန်းနှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်နေပြည်သူများ တက်ရောက်ခဲ့ကြောင်း သတင်းရသည်။

ခင်စိမ်း၀င်း (ပြန်/ဆက်)