လယ်ဝေးမြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများနှင့်တွေ့ဆုံဆွေးနွေး

လယ်ဝေး   ဒီဇင်ဘာ  ၁၄

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးခရိုင်၊ လယ်ဝေးမြို့နယ် သန့်ရှင်းသာယာလှပရေးအတွက် ယမန်နေ့မွန်းလွဲ ၂ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် မြို့ပေါ်ရပ်ကွက်(၇)ခုမှ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးမြင့်ဆောင်က လယ်ဝေးမြို့ သန့်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အပတ်စဉ်စနေနေ့တိုင်း သန့်ရှင်းရေးဆောင်ရွက်နေမှုများ၊ ရပ်ကွက်ကျေးရွာအလိုက် သန်ရှင်းသာယာလှပရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ အမှိုက်သိမ်းဆည်းပေးမှုအခြေအနေ၊ မြို့သန့်ရှင်းသာယာ လှပစိမ်းလန်းစိုပြေရေးအတွက် ဆောင်ရွက်ထားရှိမှုအခြေအနေ၊ မီးပွိုင့်များနှင့် လူစည်ကားရာနေရာများတွင် လမ်းပိတ်ဆို့မှုမဖြစ်ပေါ်စေရေးနှင့် ယာဉ်စည်းကမ်းလမ်းစည်းကမ်း လိုက်နာစေရန်အတွက် ဆောင်ရွက်နေမှုအခြေအနေများအား ရှင်းလင်းဆွေးနွေးပြီး ဌာနဆိုင်ရာများနှင့် ရပ်ကျေးအုပ်ချုပ်ရေးမှူးများပူးပေါင်း၍ ကျရာအခန်းကဏ္ဍမှ ဆောင်ရွက်လျက်ရှိပါကြောင်းနှင့် မြို့မိမြို့ဖများအနေဖြင့်လည်း လိုအပ်သည်များကို အကြံပြု ဆွေးနွေးကြစေလိုပါကြောင်း ပြောကြားသည်။

ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးဝင်းအောင်က မြို့နယ်အတွင်း ကွင်းဆင်းကြည့်ရှုခဲ့ရာတွင် ပြုပြင်ဆောင်ရွက်ရန်လိုအပ်သည့် လုပ်ငန်းများအား မြို့ပေါ်ရပ်ကွက်များမှ အုပ်ချုပ်ရေးမှူးများ၊ မြို့မိမြို့ဖများနှင့် တစ်ရပ်ကွက်ချင်းအလိုက် ရှင်းလင်းဆွေးနွေးသည်။ ထို့နောက် မြို့နယ်စည်ပင်မှ အမှုဆောင်အရာရှိ ဦးမျိုးမြင့်သူက ရပ်ကွက်အတွင်းရှိ လူမနေသည့်အိမ်ဝိုင်းများတွင် သန့်ရှင်းရေးဆောင်ရွက်ပြီးစီးမှုနှင့် ကျန်ရှိမှုအခြေအနေများနှင့်မြို့တွင်းလမ်းနှင့် ရန်-မန်းလမ်းဟောင်းဘေး သန့်ရှင်းသာယာလှပ ရေး ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် ရပ်ကျေးအုပ်ချုပ်ရေးမှူးများနှင့် မြို့မိမြို့ဖများက ရပ်ကွက်များအတွင်း ဆောင်ရွက်ရန် လိုအပ်ချက်များအား တင်ပြဆွေးနွေးရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများက ပြန်လည်ဖြေရှင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

ဝေကြည် (ပြန် / ဆက်)