ဒဂုံမြောက် ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့မွန်းလွဲ ၁ နာရီက ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် (၃၇)ရပ်ကွက် ပင်လုံလမ်းရှိ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူးဦးသန်းဝင်းက “၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် စီမံကိန်းလုပ်ငန်းများအား မိမိတို့မြို့နယ်ရပ်ကွက်အတွင်း ဒေသဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ရာတွင် သက်ဆိုင်ရာဌာနများနှင့် ရပ်ကွက်တာဝန်ရှိသူများအား လုပ်ငန်းများနှင့်ပက်သက်၍ ဘဏ္ဍာနှစ်အတွင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများအား တင်ပြဆွေးနွေးသွားရန်၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းများနှင့်အညီ ပြည့်မီစေရေးကြီးကြပ်ဆောင်ရွက်သွားရန်၊ ၂၀၂၃ -၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး ရန်ပုံငွေမှအဆိုပြုတင်ပြတောင်းခံထားသော စီမံကိန်းလုပ်ငန်းတစ်ခုချင်းအလိုက် စိစစ်တင်ပြသွားရန်၊ လုံခြုံရေးအထူးဂရုစိုက်၍ မပေါ့ဆရန် သတိဖြင့်နေထိုင်သွားလာကြရန်”ဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံကိန်းဦးစီးမှူးကတက်ရောက်လာကြသော ဌာနဆိုင်ရာများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများအား ၂၀၂၂-၂၀၂၃ ဘဏ္ဌာနှစ် စီမံကိန်းလုပ်ငန်းများဆိုင်ရာတိုးတက်ဆောင်ရွက်မှုများအား ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသည့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်အတွင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ ဆောင်ရွက်နေသည့် နိုင်ငံသားစိစစ်ရေးကတ်များထပ်နေသည်များစိစစ်ရေး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်ဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးတင်ပြကြသည်။ ထို့နောက် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်စီမံကိန်းလုပ်ငန်းပြီးစီးမှုများအားတင်ပြကြပြီး စီမံကိန်းလုပ်ငန်းများအလိုက် ဆွေးနွေးညှိနှိုင်းခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆွေးနွေးချက်များအပေါ် လိုအပ်သည်များအား ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ