ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော (၁၀၇/၂၀၂၀) အမိန့်ကြေညာချက် များအား ပြည်သူများ သိရှိလိုက်နာ‌ နေထိုင်နိုင်ရေး သန်လျင်၌ လိုက်လံကြေညာ

သန်လျင် စက်တင်ဘာ ၂၂

ရန်ကုန်တောင်ပိုင်းခရိုင်၊    သန်လျင်မြို့နယ်အတွင်း    ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ Stay at Home အမိန့်ညွန်ကြားချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိစေရေးအတွက် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနဝန်ထမ်းများက ပြန်ကြားရေး မော်တော်ယာဉ်ဖြင့် လိုက်လံကြေညာပေးလျက် ရှိသည်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကိုဗစ်-၁၉ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်လျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီးအတွင်း ဓာတ်ခွဲ အတည်ပြု လူနာများ ထပ်မံတွေ့ရှိမှု ခရီးသွားရာဇဝင်မရှိသည့်အပြင် ဓာတ်ခွဲအတည်ပြုလူနာများနှင့်လည်း ထိတွေ့ခြင်းမရှိသည့် လူနာများတွေ့ရှိခဲ့ရာမှ အချိန်တိုကာလအတွင်း များပြားလာသဖြင့် မိမိအိမ်တွင် နေထိုင်ရန်အတွက် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ကူးစက်ရောဂါများ ကာကွယ် နှိမ်နင်းရေး ဥပဒေပုဒ်မ ၂၁၊ပုဒ်မခွဲ (ခ) လုပ်ပိုင်ခွင့်အရ စက်တင်ဘာ ၂၀ ရက်နေ့ ထုတ်ပြန်ထားသော အမိန့်အမှတ် (၁၀၇/၂၀၂၀)အမိန့်ကြေညာချက်များအား ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့် သိရှိလိုက်နာနိုင်ရေး အတွက် ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့နယ် မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ် ကာကွယ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးလုပ်ငန်းကော်မတီက ဦးဆောင်ကာ မိမိတို့မြို့နယ်အတွင်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှု ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာနေပြည်သူများ ကျယ်ကျယ် ပြန့်ပြန့်သိရှိကာ လိုက်နာနေထိုင်နိုင်ရေး ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေး အဖွဲ့များက မိမိတို့ရပ်ကွက်၊ ကျေးရွာများတွင် အသံချဲ့စက်များဖြင့် ယမန်နေ့ညပိုင်း အချိန်မှ စတင်ကာ ပြည်သူများ သိရှိလိုက်နာနိူင်ရေး နေ့စဉ်လိုက်လံ ကြေညာပေးလျက် ရှိသည်၊၊

သန်လျင်မြို့နယ်တွင် ကိုဗစ်-၁၉အတည်ပြု ပိုးတွေ့လူနာ ၅၇ ဦးနှင့် သေဆုံးသူနှစ်ဦးရှိသည့်အတွက် မြို့နယ်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက အဖွဲ့များခွဲ၍ ကာကွယ်ရေး၊ ကုသရေး၊ ရောဂါပျံ့ပွားမှုမရှိစေရေး အရှိန်မြှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်၊၊

သန်းဝင်း(သန်လျင်)