မှော်ဘီ ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် လူငယ်များဘက်စုံဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း(တပ်ကြီးကုန်း) ပြည်တော်သာခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်(အင်းစိန်)ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်နှင့် မှော်ဘီမြို့နယ်စာပေချစ်သူများအသင်း(Book Club) အတွင်းရေးမှူး ဦးဝင်းနွယ်(ပုသိမ်)တို့က အမှာစကားအသီးသီးပြောကြားခဲ့ပြီး အခြေခံပညာအထက်တန်းကျောင်း(တပ်ကြီးကုန်း)၊ ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကား ပြောကြားသည်။
ဆက်လက်၍ လူငယ်စကားဝိုင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရန်ကုန်မြောက်ပိုင်းခရိုင်(အင်းစိန်)ဦးစီးအရာရှိဒေါ်ခင်နှင်းကြည်က ဦးဆောင်၍ ကျောင်းသား၊ ကျောင်းသူ(၆)ဦးတို့ဖြင့် လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစား၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်ယဉ်ကျေးမှု၊ လူငယ်နှင့်စာပေ၊ လူငယ်နှင့်ကျန်းမာရေးခေါင်းစဉ်များဖြင့် အသိပညာဗဟုသုတများကို ပြည့်ပြည့်စုံစုံကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးကြပြီးဆွေးနွေးချက်များအပေါ် တက်ရောက်လာကြသည့် ကျောင်းသား၊ ကျောင်းသူများက သိလိုသည်များကိုပြန်လည်၍ မေးခွန်းများမေးမြန်းခဲ့ကြရာ တာဝန်ရှိသူများက မေးခွန်းများအား ကဏ္ဍအလိုက် အသီးသီးပြန်လည်ဖြေကြားခဲ့ကြသည်။
ထို့နောက် စာရေးဆရာမအေးအေးသန့်(စက်မှု)က လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးခဲ့ကြသောကျောင်းသား၊ ကျောင်းသူများကိုအမှတ်တရလက်ဆောင်များပေးအပ်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မှော်ဘီမြို့နယ်ရုံးမှ ပြသထားသည့်နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲတို့အား ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာဖြင့် လှည့်လည်ကြည့်ရှုကြကြောင်း သိရသည်။
ဝင်းဇော်(မှော်ဘီ)