မောက်မယ်မြို့နယ်၌ (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အကြို အားကစားပြိုင်ပွဲများ ကျင်းပ

မောက်မယ် ဒီဇင်ဘာ ၁၄

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင် ၊ မောက်မယ်မြို့နယ် ၊ ကွန်ကျိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်းမှ ၂၀၂၃ခုနှစ်ဇန်နဝါရီလ ၄ ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့နံနက် ၉ နာရီက ကျောင်းတွင်း အားကစားပြိုင်ပွဲများကို နမ့်ယွမ်းဂေါက်ကွင်း၌ ကျင်းပပြုလုပ်ကြောင်း သိရသည်။

အဆိုပါ ကျောင်းတွင်းအားကစားပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာကြီး ဦးစိုင်းအောင်ထွေးက ကျောင်းသား/ကျောင်းသူ ကလေးငယ်များအနေဖြင့် အများနှင့်ပူးပေါင်းဆောင်ရွက်တတ်စေရန် ၊ ကောင်းသော ယှဉ်ပြိုင်လိုစိတ်များရှိစေရန် ၊ အားကစားပြိုင်ပွဲ ပြုလုပ်ကျင်းပပေးရခြင်း၏ ရည်ရွယ်ချက်များ ပြောကြားခဲ့ပြီး ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့သည်။

ထိုသို့ မူလတန်းဆင့် ယှဉ်ပြိုင်ကစားရာတွင်  အင်္ကျီဝတ်ပြိုင်ပွဲ၊ စာအုပ်ရွက်ပြိုင်ပွဲ၊ ပီနံအိတ်စွပ် ပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ဖားခုန်ပြိုင်ပွဲ၊ ခြေသုံးချောင်းထောက်ပြိုင်ပွဲ၊ မီတာ ၅၀ အပြေး အပ်နဖားထိုးပြိုင်ပွဲနှင့် မီတာ ၁၀၀ အပြေး လက်ဆင့်ကမ်းပြိုင်ပွဲများကို နမ့်ယွမ်းဂေါက်ကွင်း၌ ကျင်းပပြီး ဆုရရှိသူများကို စုံညီပွဲတော်အခမ်းအနားတွင် ချီးမြှင့်ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)