ရန်ကင်း ဒီဇင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီး၊ သင်္ဃန်းကျွန်းခရိုင်၊ ရန်ကင်းမြို့နယ်တွင် ပြည်ထဲရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ရန်ကင်းမြို့နယ် ရဲတပ်ဖွဲ့မှူးရုံးမှ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေသစ်အရဆောင်ရွက်ရမည့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာလုပ်ငန်းများ အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်နှင့် အသင်းအဖွဲ့များ၏ လုပ်ငန်းဆောင်ရွက်ချက်များကို ဥပဒေနှင့်အညီ စိစစ်ထိန်းကျောင်းနိုင်ရန်ရည်ရွယ်၍ အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေများအား အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့မွန်းလွဲ ၁၃:၀၀ နာရီက အမှတ်(၁၄)ရပ်ကွက်၊ မိုးကောင်းဘုရားလမ်းရှိ သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ရန်ကင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းမင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ရန်ကင်းမြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဇော်မင်းဆွေမှ စီမံခန့်ခွဲရေးနည်းလမ်းအရအရေးယူခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ သတိပြုရမည့်ပုဒ်မများ၊ ၂၀၁၄ ခုနှစ်၊ဥပဒေနှင့် ၂၀၂၂ ခုနှစ် ဥပဒေအကြောင်း၊ မှတ်ပုံတင်ရေးအဖွဲ့ဖွဲ့စည်းခြင်း၊ သိရှိထားသင့်သော ပြဌာန်းချက်များစသည်တို့ကို Power Point ဖြင့် ချပြရှင်းလင်းခဲ့ကြောင်း သိရသည်။
ထို့နောက် တက်ရောက်လာကြသူများမှ သိလိုသည်များ မေးမြန်းကြရာ ရဲမှူးဇော်မင်းဆွေမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ပြီး၊ အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်သူများနှင့် ဖိတ်ကြားထားသောဧည့်သည်တော်များ တက်ရောက်ခဲ့ကြကြောင်း သတင်းရရှိသည်။
အိရွှေစင်(ပြန်/ဆက်)