ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

ဒဂုံမြောက် ဒီဇင်ဘာ ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၌ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်းသင်တန်းဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၂၈)ရပ်ကွက်၊ ဗိုလ်ဖိုးစောလမ်းရှိ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ မေခခန်းမတွင် ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနား၌   မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)ဦးမြင့်ဇော်က   “နိုင်ငံတော်ကချမှတ်ထားသည့် ဦးတည်ချက်တွင် တစ်ချက်အပါအဝင်ဖြစ်သည့်  တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်ရေးနှင့် ပညာရည်မြင့်မားရေးဆိုသည့် ဦးတည်ချက်နှင့်အညီ ကျောင်းသားလူငယ်များ ဗလငါးတန်နှင့်ပြည့်စုံသော အနာဂတ်မျိုးဆက်သစ် လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်အတွက် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာကြံ့ခိုင်ပြီး ကာယဉာဏစာရိတ္တ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်၊ ဘက်စုံထူးချွန်ထက်မြက်သော လူငယ်မောင်မယ်များ ပေါ်ထွက်လာစေရန်၊  မြို့နယ်အတွင်းမျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန်၊ အားကစားပြုလုပ်ခြင်းဖြင့် ရရှိလာမည့်အကျိုးကျေးဇူးများအား သိရှိနားလည်စေရန် ရည်ရွယ်ဖွင့်လှစ်ခြင်းဖြစ်သည့်အတွက် ကျောင်းသားလူငယ်များအတွက် အလွန်အကျိုးရှိပြီး အနာဂတ်တွင် ကျန်းမာကြံ့ခိုင်သောလူငယ်များပေါ်ထွန်းလာမည်ဖြစ်ကြောင်း၊ ယခုကဲ့သို့ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းဖွင့်လှစ်သော မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်းသင်တန်းတွင် သင်တန်းသားသင်တန်းသူများမှလည်း နိုင်ငံတော်အတွက်အားထားရမည့် ထူးချွန်ထက်မြက်သော အားကစားသမားများဖြစ်ပေါ်လာစေရန် စဉ်ဆက်မပြတ် ဆက်လက်လေ့ကျင့်သွားကြရန် လိုအပ်ကြောင်း”အမှာစကားပြောကြားပြီး သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ သင်တန်းသား/သူများက မြန်မာ့သိုင်း အားကစားနည်းများဖြင့် သရုပ်ပြသခဲ့ကြသည်။ ထို့နောက် မိုးရာသီအဆင့်မြင့် မြန်မာ့သိုင်းသင်တန်း အားကစားသမားများမှ ခရိုင်အဆင့်မြန်မာ့သိုင်းပြိုင်ပွဲတွင် ဆုရရှိခဲ့ကြသော ကျောင်းသား၊ ကျောင်းသူများအား တာဝန်ရှိသူများမှ ဆုများအသီးသီးချီးမြှင့်ခဲ့ကြသည်။ အဆိုပါသင်တန်းအား နည်းပြဆရာ(၄)ဦးဖြင့် မြို့နယ်အတွင်းရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းသား(၇၅)ဦး၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းမှ သင်တန်းသား(၇၅)ဦး၊ စုစုပေါင်းသင်တန်းသား/သူ(၁၅၀)ဦးတို့ဖြင့် တစ်လတာဖွင့်လှစ် သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ(ပြန်/ဆက်)