ကျောက်ဆည် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တွင် သီးနှံမျိုးစုံ(၄၀၉၃)ဧကအတွက် စိုက်ပျိုးရေးများပြည့်ဝစွာပေးဝေနိုင်ရေး ငပြောင်ဆည် ရေသောက်စနစ်မှ နွားတက်ခွဲမြောင်းတွင် သဲနုန်းများတူးဖော်ပေးလျက်ရှိရာ လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများကို တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ (၃၅.၀၀၀)ကျပ်သန်း အကုန်အကျခံကာ သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ယူပြီးကျောက်ဆည်မြို့နယ်၊ ကုလကျေးရွာအနီး ပေတိုင်အမှတ် (-၀+၀၀၀)မှ(၅၃+၀၀၀) အတွင်း အလျား(၅၃၀၀၀)ပေမှ သဲနုန်းကျင်း (၁၅၉၀၀)ကျင်း တူးဖော်ပေးခြင်းဖြစ်ကြောင်းသိရသည်။
နွားတက်ခွဲမြောင်းတွင် သဲနုန်းများ တူးဖော်ပေးခြင်းကြောင့် သီးနှံမျိုးစုံ (၄၀၉၃)ဧကအတွက် စိုက်ပျိုး ရေများပေးဝေရာတွင် အတားအဆီးမရှိ လွယ်ကူလျင်မြန်စွာနှင့် ရေအလေအလွင့်ဆုံးရှုံးမှုနည်းပါးစွာဖြင့် မြောင်းဆုံး၊မြောင်းဖျားမှ စိုက်ခင်းများအထိလိုအပ်သည့်ရေပမာဏ ပြည့်ဝစွာပေးဝေနိုင်ပြီဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)