ပဲခူးမြို့တွင် မဲစာရင်းမှန်ကန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်း ဆောင်ရွက်

ပဲခူး ဒီဇင်ဘာ ၁၄

ပဲခူးမြို့တွင် မဲစာရင်းမှန်ကန်စေရေး ထပ်ဆင့်ရှင်းလင်းခြင်းနှင့် Cross-Check စစ်ဆေးခြင်းလုပ်ငန်းဆောင်ရွက်နေခြင်းကို ယနေ့နံနက် ၉ နာရီက ပဲခူးခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။

ရှေးဦးစွာ  အခမ်းအနားတွင်   ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံဦးစိုးဦးက မဲစာရင်းမှန်ကန်စေရေး၊ မြေပြင်ရှိလူဦးရေစာရင်းနှင့်တိုက်ဆိုင်စစ်ဆေးခြင်းနှင့်၊ မှတ်ပုံတင်(၂)ကြိမ်၊ (၃)ကြိမ်နှင့်အထက် ထပ်နေသူများနှင့်စပ်လျဉ်း၍ လုပ်ဆောင်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ပဲခူးတိုင်းဒေသကြီး နယ်မြေတာဝန်ခံ ဦးစိုးဦးနှင့်တာဝန်ရှိသူများသည် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်ကော်မရှင်အဖွဲ့ နှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်လျက်ရှိသော မဲစာရင်းမှန်ကန်‌စေရေးအတွက် မဲဆန္ဒရှင်စာရင်းများကို Cross Check စစ်ဆေးခြင်းလုပ်ငန်း One Unit အတွက် ဆောင်ရွက်နေမှုများကို ကြည့်ရှုခဲ့ကြသည်။

အဆိုပါ အခမ်းအနားသို့  ပဲခူးတိုင်းဒေသကြီးနယ်မြေတာဝန်ခံဦးစိုးဦး၊ ပဲခူးမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ကော်မရှင်အဖွဲ့ဝင်များ၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်/ကျေးစာရေးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်ဖြိုးကြိုင် (ခရိုင်၊ ပြန်/ ဆက်)