မြောက်ဥက္ကလာပမြို့နယ်တွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း  အသိပညာလက်ကမ်းစာစောင်ဖြန့်ဝေခြင်းဆောင်ရွက်

မြောက်ဥက္ကလာပ ဒီဇင်ဘာ  ၁၄

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်တွင် ပြည်သူများနှင့်မော်တော်ယာဉ်မောင်းများ ယာဉ်စည်းကမ်းလမ်းစည်းကမ်း သိရှိလိုက်နာစေရန်အတွက် လက်ကမ်းစာစောင်ဖြန့်ဝေခြင်းလုပ်ငန်းကို ယနေ့နံနက်(၉:၀၀)အချိန်က မြောက်ဥက္ကလာပမြို့နယ် အဝိုင်းမှတ်တိုင်တွင် ဆောင်ရွက်ခဲ့ ကြသည်။

အဆိုပါလက်ကမ်းစာစောင်တွင် ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဥပဒေပါပုဒ်မများ၊ မော်တော်ဆိုင်ကယ်စီးနင်းသူများလိုက်နာရန်စည်းကမ်းများ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းဖြစ်ပွားခဲ့ သည့်နှစ်အလိုက်ယာဉ်တိုက်မှုနှိုင်းယှဉ်ချက်ဇယား၊ ယာဉ်စည်းကမ်းလမ်း စည်းကမ်းချိုးဖောက်ပါကတိုင်ကြားနိုင်သည့်ဖုန်းနံပါတ်များ၊ ယာဉ်မတော်တဆမှုဖြစ်ပွားသည်ကိုတွေ့ရှိပါက ဆက်သွယ်အကူအညီတောင်းခံနိုင်သည့် ဖုန်းနံပါတ်များထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်ယာဉ်ထိန်းတပ်ဖွဲ့စု(၃၅)မှ တပ်ဖွဲ့စုမှူးဒုရဲမှူးလှိုင်ဝင်းအောင် ဦးဆောင်သော ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက လမ်းအသုံးပြုသူပြည်သူများအား ယာဉ်စည်းကမ်းလမ်းစည်းကမ်းလိုက်နာရေး အသိပညာပေးလက်ကမ်းစာစောင်(၁၅၀) အားဖြန့်ဝေခဲ့ ကြကြောင်း သိရသည်။

သိင်္ဂီပြည့်ဖြိုး