ဗိုလ်တထောင် ဒီဇင်ဘာ ၁၄
ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်၊ အမှတ်(၄)ရပ်ကွက်၊ အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်၊ NCRC Hall ခန်းမတွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတားဆီး ကာကွယ်ရေးပြောပွဲကို ယမန်နေ့၊ နေ့လယ်(၂)နာရီ၌ကျင်းပသည်။
အဆိုပါဟောပြောပွဲတွင် ဗိုလ်တထောင်မြို့နယ် အမှတ်(၃၃)ယာဉ်ထိန်းရဲတပ်ဖွဲ့ဌာနစု၊ ဒုတိယရဲမှူး ဆန်းညွှန့်ဦးက ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးဆိုင်ရာလုပ်ငန်းစဉ်များကို ရှင်းလင်းဟောပြောခြင်း၊ အမှတ်(၆)လူကုန်ကူးမှုတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စု၊ ရန်ကုန်မှဒုတိယရဲမှူး ထွန်းထွန်းလတ်က လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာလုပ်ငန်းစဥ်များကို ပရိုဂျက်တာများဖြင့် ရှင်းလင်းဟောပြောပြီး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးသည်။ ထို့နောက်အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးက ဆွေးနွေးဟောပြောသူများအား ဂုဏ်ပြုမှတ်တမ်းနှင့် ဂုဏ်ပြုလက်ဆောင်များပေးအပ်သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလှိုင်မောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသားစီမံခန့်ခွဲမှုပညာဒီဂရီကောလိပ်မှ ကျောင်းအုပ်ကြီးနှင့်ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း(၃၅၀)ဦးခန့် တက်ရောက်ခဲ့ သည်။ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဟောပြောခြင်းကြောင့် ယာဉ်မတော်တဆမှုနှင့် လူကုန်ကူးမှုမှကင်းဝေးပြီး ရှောင်ရှားနိုင်မည်ဖြစ်ကြောင်း သိရသည်။
မြတ်ဖူးခင်