ပုသိမ်ကြီးမြို့နယ်တွင်လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရ ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်းဆောင်ရွက်

ပုသိမ်ကြီး ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ရုံးအနေ ဖြင့် လူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကော်မတီအဆင့်ဆင့်ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ ရှင်းလင်း ဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက လူဦးရေစာရင်းများ ကွင်းဆင်းကောက်ရာတွင် အခက်အခဲ မရှိစေရေး ကြိုတင်ပြင်ဆင်မှု ပြုလုပ်သွားရန်၊ ဌာနဆိုင်ရာများအနေဖြင့်လည်း တတ်အားသ၍ ပူးပေါင်းပါဝင်ဆောင်ရွက်ကြရန် မှာကြားပြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးဋ္ဌေးလွင်ကလူဦးရေစာရင်းမှန်ကန်စေရေး မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး walking group တွေ ဖွဲ့စည်းပြီး၊ မြို့နယ်အတွင်းမှာရှိသည့် လူဦးရေစာရင်း များကို ကောက်ယူမှာဖြစ်ကြောင်း၊ မကြာသေးမီကလည်း ပန်းခင်းစီမံချက်ဖြင့် အသက် (၁၈)နှစ် ပြည့်ပြီးသူတိုင်း ကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုး ရရှိအောင် ဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ပြည်သူများ အနေဖြင့်လည်း လူဦးရေစာရင်းများ လာရောက်ကောက်ယူရာတွင် စိတ်ရှည်သည်းခံပြီး မှန်မှန်ကန်ကန်ဖြင့် ကိုယ်ရေးအချက်အလက် စာရင်းများရေးသွင်းပေးကြရန် လိုအပ်ကြောင်း စသည်တို့အား ပြောကြားခဲ့သည်။

အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများက ပေါင်းစပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 မြို့နယ်ပြန်/ဆက်