မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ရပ်ကွက်အတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ချမ်းအေးသာစံ ဒီဇင်ဘာ ၁၄

စစ်ကြောင်းကြီး(၅)ကြောင်းဖြင့် နယ်မြေစိုးမိုးရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် ရန်မျိုးလုံရပ်ကွက်နှင့် မောရဂီဝါရပ်ကွက်များအတွင်းရှိ ရပ်မိရပ်ဖများ၊ ပြည်သူများ တွေ့ဆုံဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီအချိန်က မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ရန်မျိုးလုံရပ်ကွက်၊ ၇၁ လမ်း၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြားရှိ ပြည်လုံးအေးကိုးနဝင်းစေတီဓမ္မာရုံနှင့် နံနက် ၁၁ နာရီတွင် မောရဂီဝါရပ်ကွက်၊ ၃၁ လမ်းနှင့် ၃၂ လမ်းကြား၊ ၇၄ လမ်းနှင့် ၇၅ လမ်းကြားရှိ တောင်ပြင်စံကျောင်းဓမ္မာရုံတွင် ပြုလုပ်ခဲ့သည်။

တွေ့ဆုံဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများမှ တရားဥပဒေစိုးမိုးရေးနှင့် နယ်မြေလုံခြုံရေးဆောင်ရွက်နိုင်မှုအခြေအနေ၊ နိုင်ငံသားမှတ်ပုံတင်ကတ်နှင့် အိမ်ထောင်စုဇယားများ လွယ်ကူစွာပြုလုပ်နိုင်ရေး ပန်းခင်းစီမံချက်ဖြင့်ဆောင်ရွက်သည့်အခြေအနေနှင့် e.ID ဖြင့် စာရင်းသွင်းပြီးစီးမှုအခြေအနေ၊ ရွေးကောက်ပွဲအားအချိုးချကိုယ်စားပြုစနစ် (PR) စနစ်ဖြင့် ကျင်းပပြုလုပ်မည့်အခြေအနေ၊ အခြေခံပညာနှင့် အဆင့်မြင့်ပညာဆိုင်ရာအခွင့်အလမ်းများ ဆုံးရှုံးမှုမရှိစေရေးနှင့် လက်ရှိပညာရေးနှင့် သင်ကြားရေးဆိုင်ရာဆောင်ရွက်ပေးမှုအခြေအနေ၊ မီးဘေးအန္တရာယ်နှင့်ပတ်သက်၍ ပြည်သူများမှ သိရှိလိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းတာဝန်များ၊ ရေမီတာကောက်ခံမှု၊ လမ်းမီးများပြုပြင်မှု၊ သန့်ရှင်းရေးဆောင်ရွက်ပေးနေမှုအခြေအနေများနှင့် လျှပ်စစ်ဓာတ်အားဖြန့်ဖြူးပေးမှု၊ လျှပ်စစ်မီတာဘေလ်ကောက်ခံမှုအခြေအနေများ စသည့် လုပ်ငန်းကိစ္စရပ်အသီးသီးအား သက်ဆိုင်ရာဌာနများအလိုက် ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာကြသည့် ပြည်သူများ၏သိရှိလိုသည်များမေးမြန်းမှုများအား သက်ဆိုင်ရာဌာနအလိုက် ပြန်လည်ရှင်းလင်း ဖြေကြားခဲ့သည်။

အဆိုပါတွေ့ဆုံဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလှထွဋ်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှတာဝန်ရှိသူများ၊ ရပ်မိရပ်ဖများနှင့် ပြည်သူများ (၁၂၀)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ထိပ်ထားနိုင်