မိုးကုတ် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ မိုးကုတ်မြို့နယ်အတွင်း အုပ်ချုပ်ရေး၊ နိုင်ငံရေး၊ စည်းရုံးရေး၊ လူမှုရေးနှင့် ဒေသဖွံ့ဖြိုးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှဦးဆောင်၍ မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်း(၅)ကြောင်းနှင့် ဒေသခံပြည်သူများတွေ့ဆုံဆွေးနွေးနိုင်ရန်အတွက် ယမန်နေ့နံနက် ၉ နာရီအချိန်က မင်းတံတားရပ်ကွက်၊ အောင်ဓမ္မာရုံ၊ မွန်းလွဲ ၁ နာရီအချိန်တွင် သဒွတ်သျှိုကျေးရွာအုပ်စု၊ ဘော်ဗဒန်းကျေးရွာနှင့် မွန်းလွဲ ၃ နာရီအချိန်တွင် ရေပူရပ်ကွက်၊ ရေပေါက်တရာရပ် အခြေခံပညာမူလတန်းကျောင်းခန်းမတို့၌ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့် အဖွဲ့ဝင်များပါဝင်သော ဌာနဆိုင်ရာအကြီးအကဲများမှ တစ်ဦးချင်းမိတ်ဆက်ကြပြီး တွေ့ဆုံပွဲများ၌ ဒေသခံပြည်သူများအား ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် အသင်းအဖွဲ့မှတ်ပုံတင်ခြင်းဆိုင်ရာကိစ္စရပ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်များ၊ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းများ၊ ဧည့်စာရင်းများမပျက်မကွက်တိုင်ကြားရန်ကိစ္စရပ်များ၊ ရွေးကောက်ပွဲတွင်ပြောင်းလဲကျင့်သုံးမည့် Proportional Representative (PR)အား ပြည်သူများကျယ်ကျယ်ပြန့်ပြန့်သိရှိစေရေးနှင့် မှတ်ပုံတင်ပြုလုပ်ခြင်း၊ အိမ်ထောင်စုပြုလုပ်ခြင်းတို့နှင့်စပ်လျဉ်းပြီး ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ကျော်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများပါဝင်သည့် ကွင်းဆင်းအဖွဲ့သည် ပြည်သူများမှတင်ပြသော ရေချိုရရှိစေရေး၊ ရပ်ရွာအတွင်းလမ်းကောင်းမွန်စေရေး၊ လမ်းရရှိရေး၊ လျှပ်စစ်မီးရရှိစေရေး အသီးသီးတင်ပြမှုအပေါ် သက်ဆိုင်ရာတာဝန်ရှိသူများမှ ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ကြည်ကြည်နွဲ့