ကျောက်ဆည်မြို့ အထွေထွေရောဂါကုပြည်သူ့ဆေးရုံတွင် ဇီဝိတဒါနသွေးလှူရှင်အသင်း၏ (၂၁) နှစ် မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနားကျင်းပ

ကျောက်ဆည် ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးတွင် ယနေ့နံနက် (၁၀) နာရီက ဇီဝိတဒါနသွေးလှူရှင်အသင်း၏ (၂၁) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ်အဖြစ် စုပေါင်းသွေးလှူဒါန်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စုပေါင်းသွေးလှူဒါန်းရာတွင် အဆင်ပြေချောမွေ့စေရေး ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ယာယီဥက္ကဋ္ဌ ဗိုလ်မှူးကြီးဇော်နိုင်ဦးနှင့် ဖွဲ့ဝင်များ၊ ဆေးရုံအုပ်ကြီးဒေါက်တာဝင်းမော်၊ ဇီဝိတဒါနသွေးလှူရှင်သင်း ဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်နှင့် တာဝန်ရှိသူများက သွေးပေါင်ချိန်ခြင်း၊ ကိုယ်အလေးချိန်တိုင်းတာခြင်း သွေးဖောက်စစ်ဆေးခြင်း၊ သွေးလှူခြင်းများကို ကြည့်ရှုအားပေးခဲ့ပြီး သွေးလှူရှင်များအား အင်အား ပြည့် အချိုရည်များ၊ ကြက်ဥများ၊ အဟာရမုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

ဇီဝိတဒါန သွေးလှူရှင်အသင်းသည့် ၂၀၀၂ ခုနှစ် ဇန်နဝါရီ (၁) ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး သွေးတာဝန်ခံ(၁၀)ဦး၊ သွေးအလှူရှင် (၅၀၀) ဦးတို့ဖြင့် ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံကြီးအတွက် လိုအပ်သောသွေးများကို နှစ်စဉ်နေ့ညမပြတ် ရှာဖွေ၊ စုဆောင်း၊ လှူဒါန်းပေး ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်းနှင့် ၂၀၂၂ ခုနှစ်၌ ကျောက်ဆည်မြို့ အထွေထွေရောဂါကု ပြည်သူ့ဆေးရုံးတွင် သွေးအိတ်(၃၂၀၀)အိတ်၊ မန္တလေးပြည်သူ့ဆေးရုံးတွင် သွေးအိတ်(၆၀)အိတ်၊ ပြင်ဦးလွင် ပြည်သူ့ဆေးရုံးကြီးတွင် သွေးအိတ်(၇)အိတ်နှင့် ပခုက္ကူပြည်သူ့ဆေးရုံကြီးတွင် သွေးအိတ် (၆) အိတ် စုစုပေါင်းသွေးအိတ် (၃၂၇၃) အိတ် လှူဒါန်းနိုင်ခဲ့ကြောင်း သွေးလှူရှင်အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့်အောင်က ပြောပြ၍ သိရသည်။

သက်မောင် (ခရိုင် ပြန်/ဆက်)