ဆွမ်ပရာဘွမ်မြို့တွင် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြသခြင်း ကွင်းဆင်းဆောင်ရွက်

ဆွမ်ပရာဘွမ် ဒီဇင်ဘာ ၁၄

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အနေဖြင့် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြသခြင်းလုပ်ငန်းကို ယမန်နေ့ညနေ ၁နာရီခွဲအချိန်က ဆွမ်ပရာဘွမ်မြို့ အခြေခံပညာမူလတန်း (ကဘရန်ခူး)ကျောင်းသို့ ကွင်းဆင်းဆောင်ရွက်သည်။

နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်ရာ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာမူလတန်း (ကဘရန်ခူး)ကျောင်းတို့ ပူးပေါင်းဆောင်ရွက်၍ ဦးစွာ ဆွမ်ပရာဘွမ်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်က အခြေခံပညာ မူလတန်း(ကဘရန်ခူး) ကျောင်းမှ ကျောင်းသား၊ ကျောင်းသူများအား၊ စာဖတ်ခြင်းဖြင့် ရရှိလာမည့် စာပေ၏ အကျိုးကျေးဇူးများ၊ အသိပညာဗဟုသုတများ၊ အမှား၊ အမှန် ခွဲခြားတတ်လာရန်၊ ကောင်းကျိုး၊ ဆိုးကျိုးများ ဝေဖန်တတ်လာရန်နှင့် စာဖတ်စွမ်းအား မြှင့်တင်နိုင်ရန် နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်၊ စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်ရခြင်းဖြစ်ကြောင်း စသည့် ရည်ရွယ်ချက်များအား ရှင်းလင်း ဟောပြောသည်။

ထို့နောက် ကျောင်းသား​၊ ကျောင်းသူများသည် ယဉ်ကျေးလိမ္မာပုံပြင်များစာအုပ်မှ စိတ်ထားမှန်သူ ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ယဉ်ကျေးလိမ္မာပုံပြင်များ စာအုပ်မှ နည်းမှန်လမ်းမှန် ခေါင်းစဉ်ဖြင့်လည်းကောင်း၊ ကလေးတို့အတွက် နိုင်ငံတကာ ပုံပြင်များစာအုပ်မှ ပတ်ဝန်းကျင်ရဲ့ အကြံဥာဏ်ခေါင်းစဉ်ဖြင့်လည်းကောင်း တစ်ဦးချင်း စာဖတ်စွမ်းရည်ပြိုင်ပွဲ ယှဉ်ပြိုင်ကြပြီး ပြိုင်ပွဲ၌ ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူ ကျောင်းသား၊ ကျောင်းသူများအား မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ခင်မျိုးမြင့်၊ အခြေခံပညာ မူလတန်း(ကဘရန်ခူး) ကျောင်းအုပ်ဒေါ်စိန်ညိုတို့က ဆုများ အသီးသီးချီးမြှင့်သည်။ ဆက်လက်၍ စာအုပ်စာစောင်များ ခင်းကျင်းပြသရာ ကျောင်းသား၊ ကျောင်းသူများက ပျော်ရွှင်စွာဖြင့် စိတ်ဝင်တစား လေ့လာငှားရမ်း ဖတ်ရှု့ကြသည်။

April moe(ဆွမ်ပရာဘွမ်)