မြင်းခြံတက္ကသိုလ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

မြင်းခြံ ဒီဇင်ဘာ ၁၄

မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့ မြင်းခြံတက္ကသိုလ်တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နေ့လယ် (၁)နာရီ (၃၀)မိနစ်အချိန်က မြင်းခြံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြင်းခြံတက္ကသိုလ် ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ဝင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးထွန်းမြက မြန်မာအမျိုးသမီးများသည် တရုတ်နိုင်ငံသို့သွားရောက်ကာ အလုပ်အကိုင်အခွင့်အလမ်းရှာဖွေရာမှ လူကုန်ကူးပွဲစားများ၏ လိမ်လည်ရောင်းစားခံရသည့်အခြေအနေများနှင့် လူကုန်ကူးမှုမခံရစေရေး ဆောင်ရန်ရှောင်ရန်ဆိုင်ရာ အချက်အလက်များအားလည်းကောင်း၊ မြင်းခြံခရိုင်လူကုန် ကူးမှုတားဆီးနှိမ်နှင်းရေး ရဲတပ်အဖွဲ့ဌာနစိတ်မှ ဒုတိယရဲမှူးနေလင်းမှ လူကုန်ကူးမှုတားဆီး ကာကွယ်ရေးဥပ‌ဒေများ၊ လူကုန်ကူးမှုဖြစ်စဉ်များ၊ လူကုန်ကူးမှုဆိုင်ရာ ပြစ်မှု/ပြစ်ဒဏ်များ၊ Online လူကုန်ကူးမှုဆိုင်ရာ အကြောင်းအရာများနှင့်ပတ်သက်သည့် အသိပညာပေးဆိုင်ရာများအား အကျယ်တဝင့်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲသို့ မြင်းခြံတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာကျော်ဝင်းဦး၊ ပါမောက္ခမှူးများ၊ ဌာနမှူးများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား/ ကျောင်းသူများ စုစုပေါင်း(၂၀၀)ဦးတက်ရောက်ခဲ့ပြီး လူကုန်ကူးမှုတားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။      

ကျော်စွာ