နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး ဖျော်ဖြေရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတက်ရောက်

နေပြည်တော်  ဒီဇင်ဘာ ၁၄

၂၀၂၃ခုနှစ်၊ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် ပြခန်းများ၊ ရိုးရာအစားအစာ ပြခန်းများနှင့် ဂုဏ်ပြုယာဉ်များကို ဇန်နဝါရီလ(၄)ရက်မှ(၈) ရက်နေ့အထိ တပေါင်းပွဲတော်ကွင်း အတွင်း၌ ခင်းကျင်းပြသမည့်ဖြစ်ရာ လာရောက်ကြည့်ရှုလေ့လာသူ ပြည်သူများအား ကဇာတ်ရုံတွင် ဖျော်ဖြေမည့် အစီအစဉ်များအား စီစဉ်ဆောင်ရွက်ရန် ဖျော်ဖြေရေးဆပ်ကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ(၂)နာရီက နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ၌ကျင်းပသည်။

ရှေးဦးစွာ ဖျော်ဖြေရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက နေ့စဉ်ဖျော်ဖြေမည့်အစီအစဉ်များအား စီစဉ်ဆောင်ရွက်ရန်၊ နေ့စဉ်ဖျော်ဖြေမည့် အစီအစဉ်များအား အသေးစိတ်ရေးဆွဲ၍ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေး အထိမ်းအမှတ်ပြခန်းများ စီစဉ်ဆောင်ရွက်ရေး လုပ်ငန်းကော်မတီသို့ ပြန်လည်တင်ပြရန်၊ ကဇာတ်ရုံ အခမ်းအနားပြင်ဆင်ရေး၊ ဖျော်ဖြေရေးအတွက် လိုအပ်သော အသံစနစ်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးပြင်ဆင်ခြင်း၊ LED Board တပ်ဆင်ခြင်း၊ ဖျော်ဖြေသူများ ဖိတ်ကြားစီစဉ်ဆောင်ရွက်ခြင်းတို့အား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ရန်၊ ဖျော်ဖြေရေးအစီအစဉ်တင်ဆက်စဉ် လျှပ်စစ်မီး၊ အသံစနစ်များ ပြတ်တောက်မှု မရှိစေရေး ကြီးကြပ်ဆောင်ရွက်ရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာသော ကော်မတီအဖွဲ့ဝင်များက မိမိတို့သက်ဆိုင်ရာ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများနှင့် ဆောင်ရွက်မည့်လုပ်ငန်းစဉ်များအား ရှင်းလင်းတင်ပြရာ ဖျော်ဖြေရေးဆပ်ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုးက တင်ပြချက်များနှင့်စပ်လျဉ်း၍ လိုအပ်သည်များအား လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

အောင်ကို(ပြန်/ဆက်)