ဥတ္တရသီရိ ဒီဇင်ဘာ ၁၄
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဥတ္တရသီရိမြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Book Club) အဖွဲ့ဝင်များနှင့် စာပေဝါသနာရှင်များမှ စာဖတ်ဝိုင်းပြုလုပ်ခြင်းကို ယမန်နေ့ မွန်းလွဲ ၁ နာရီက ခရိုင်ပြည်သူ့စာကြည့်တိုက်၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တိုင်းဦးစီးမှူး ဒေါ်သင်းသင်းဇင်က ကျောင်းသား၊ ကျောင်းသူများစာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရေး၊ လူမျိုးနှင့်နိုင်ငံအကျိုး ထမ်းဆောင်နိုင်ရေး၊ မျှတစွာတွေးခေါ်နိုင်ရေး၊ စိတ်ဓာတ်ကောင်းမွန်ရေးနှင့် စာဖတ်ဝိုင်း ပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး စာအုပ်စာစောင်ချစ်မြတ်နိုးသူအသင်း (Book Club)အဖွဲ့ဥက္ကဋ္ဌ ဒေါ်နန်းဝင်းစိန် စာရေးဆရာမ (ရဿဝတီမေနန်း)က စာရေးဆရာ ဒေါက်တာခင်မောင်ညိုရေးသားသည့် လူငယ်နှင့်အကောင်းဆုံးဘဝကို တည်ဆောက်ခြင်း စာအုပ်ထဲမှ “မှားမှာကိုမကြောက်ပါနဲ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာမ ချယ်ချယ်(YU)က စာရေးဆရာ လယ်တွင်းသားစောချစ်ရေးသားသည့် “မြန်မာ့ရိုးရာ စကားထာ”ခေါင်းစဉ်ဖြင့်လည်းကောင်း၊ စာရေးဆရာ မောင်မောင်တာ (သဘာဝ)က စာရေးဆရာ ဒေါက်တာ ခင်မောင်ညို ရေးသားသည့် လူငယ်နှင့်အကောင်းဆုံးသောဘဝ ကိုတည်ဆောက်ခြင်း စာအုပ်ထဲမှ “အောင်မြင်ဖို့ တည်ဆောက်ခြင်းနှင့် အမြင်များ” ခေါင်းစဉ်ဖြင့် လည်းကောင်းစသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့ပြီး ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများက ပြန်လည် ဖြေကြားခဲ့ကြသည်။
ထို့နောက် ကျောင်းသား၊ ကျောင်းသူများက ခရိုင်ပြည်သူ့စာကြည့်တိုက်တွင် ခင်းကျင်းပြသထားသည့် သုတ၊ ရသ စာအုပ်စာစောင်များနှင့် နံရံကပ်စာစောင်များကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
ကျော်စွာဟိန်း(ပြန်/ဆက်)