စဉ့်ကူး ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ စဉ့်ကူးမြို့နယ်၊ မင်းကြီးကုန်းကျေးရွာတွင် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ရန် မြို့နယ်အဆင့်ဌာနဆိုင်ရာများပါဝင်သော စစ်ကြောင်းကြီး(၅)ကြောင်းနှင့် ဒေသခံပြည်သူများ တွေ့ဆုံပွဲကို စဉ့်ကူးမြို့နယ်၊ မင်းကြီးကုန်းကျေးရွာရှိ မိုးကုတ်ဝိပဿနာကျောင်းတိုက်အတွင်း ယမန်နေ့နံနက်(၁၀)နာရီအချိန်က ကျင်းပခဲ့သည်။
အဆိုပါတွေ့ဆုံပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးထွန်းညွန့်ဦးက ဒေသဖွံ့ဖြိုးရေးဆိုင်ရာကိစ္စရပ်များနှင့် ရပ်/ကျေးလုံခြုံရေးအဖွဲ့များနှင့် လုံခြုံရေးဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခြင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်(၃) မြို့နယ်လဝကဦးစီးမှူး ဦးရွှေဝင်းက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ ရှေ့လုပ်ငန်းစဉ်(၅) ရပ်၊ ဦးတည်ချက်(၉)ရပ်တို့အား အကောင်အထည်ဖော်ဆောင်ရွက်နေမှုများ၊ နိုင်ငံသားမှတ်ပုံတင်ပြုလုပ်ခြင်းဆိုင်ရာကိစ္စများကို ဆွေးနွေးခြင်း၊ အတွင်းရေးမှူး ရဲမှူးဇော်နီချစ်မှ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်ပတ်သက်၍ ပြည်သူများ လိုက်နာဆောင်ရွက်ရန်အချက်များနှင့် ပြစ်မှုပြစ်ဒဏ်များအား ရှင်းလင်းပြောကြားခြင်း၊ မြို့နယ်ကော်မရှင် ဦးစီးအရာရှိ ဒေါ်မြတ်စုမွန်က ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအားရှင်းလင်းခြင်းနှင့် မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများက သက်ဆိုင်ရာဌာနအလိုက် ဆောင်ရွက်ပေးနေသည့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများကို ရှင်းလင်းခြင်းတို့ဆောင်ရွက်ခဲ့သည်။
ထို့နောက် တွေ့ဆုံပွဲအခမ်းအနားသို့တက်ရောက်လာသည့် ပြည်သူများကိုယ်စား ပြည်သူ(၂)ဦးက ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍တင်ပြကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြသည်။
အဆိုပါ တွေ့ဆုံညှိနှိုင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၂)ဦးထွန်းညွန့်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ဝန်ထမ်းများ၊ ဒေသခံပြည်သူများ၊ စုစုပေါင်း အင်အား (၃၅၀)ဦးခန့်တက်ရောက်ခဲ့ကြကြောင်း သိရသည်။
တင်ဇာလွင်