ပြင်ဦးလွင် ဒီဇင်ဘာ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ ဧရာဝတီခန်းမတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ပြင်ဦးလွင်ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကာ လူငယ်စကားဝိုင်းကို ယမန်နေ့နံနက်(၉)နာရီခွဲက ကျင်းပပြုလုပ်ခဲ့သည်။
ရှေ့ဦးစွာ ပြင်ဦးလွင်ခရိုင် ပြန်ကြာရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ငုချိုချိုကျော်က လူငယ်စကားဝိုင်းကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာစကားပြောကြားရာတွင် လူငယ်များအသိဉာဏ်ပညာဗဟုသုတပိုမိုရရှိစေရန်၊ စာပေဖတ်ရှုလေ့လာသည့်အလေ့အကျင့်များတိုးပွါးစေရန်၊ အသိပညာ၊ အတတ်ပညာနှင့် ပြည့်စုံသည့် လူငယ်များပေါ်ထွန်းလာစေရန်၊ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂ စသည့် ဗလငါးတန်နှင့်ပြည့်စုံပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းကိုကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့နောက် လူငယ်စကားဝိုင်းကိုကျင်းပရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်ခရိုင်ရုံးမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ညှိနှိုင်းရေးမှူး (Moderator) အဖြစ် ဆောင်ရွက်၍ အ-ထ-က(၁)မှ ကျောင်းသား၊ ကျောင်းသူများဖြစ်သည့် Grade-9 မှ မဖြိုးဖြိုးအောင်က လူငယ်နှင့်ကျန်းမာရေး၊ Grade-11 မှ မောင်ဖြိုးဝေယံက လူငယ်နှင့်ပညာရေး၊ Grade-11 မှ မောင်အောင်ခန့်ဇော်က လူငယ်နှင့်စာကြည့်တိုက်၊ Grade-10 မှ မမေသဉ္ဇာလွင်က လူငယ်နှင့်အားကစား စသည့်ခေါင်းစဉ်များဖြင့် စကားဝိုင်းဖွဲ့ဦးဆောင်ဆွေးနွေးပြောကြားခဲ့ပြီး အ-ထ-က(၁)မှ အထက်တန်းပြဆရာ ဦးမြင့်ဇော်က ခေါင်းစဉ်အသီးသီးနှင့်ပတ်သက်၍ ဖြည့်စွက်ဆွေးနွေးကာ လူငယ်စကားဝိုင်းသို့ တက်ရောက်လာကြသော ကျောင်းသား၊ ကျောင်းသူများကလည်း မိမိတို့၏အတွေးအမြင်များကို ပါဝင်ဖြည့်စွက်ဆွေးနွေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ လူငယ်စကားဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ အ-ထ-က(၁) ပြင်ဦးလွင်မှ ဆရာမကြီးနှင့် ဆရာ/ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၂၈၀) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
ဖြူလူသစ်